နေပြည်တော် ၉ ဧပြီ
၂၀၁၉ ခုနှစ် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဖွင့်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ညောင်ဦးမြို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အခြေခံပညာ အထက်တန်းကျောင်း(ပုဂံ)မှ ကျောင်းသားကျောင်းသူများက “လူတိုင်းအတွက်ပညာရေး” သီချင်းကို သီဆိုဂုဏ်ပြု၍ အခမ်းအနားကို ဖွင့်လှစ်သည်။
ထို့နောက် အခြေခံစာတတ်မြောက်ရေး လုပ်ငန်းကြီးကြပ်မှု ဗဟိုကော်မတီ နာယက၊ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် နွေရာသီကာလ တက္ကသိုလ်ကျောင်းပိတ်ချိန်တွင် အနားမယူဘဲ မွန်မြတ်သည့် စေတနာဖြင့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းတွင် ပညာဒါနလုပ်အားပေးကြမည့် ကျောင်းသားကျောင်းသူများ၊ ဆရာဆရာမများအား အထူးဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ၏ လူဦးရေငါးသန်းကျော်သည် မြန်မာစာအရေး၊ အဖတ်၊ အတွက် တတ်မြောက်မှု မရှိသေးပါကြောင်း၊ လူတိုင်းဘဝသာယာရေးအတွက် ဝင်ငွေစီးပွားရေး ကောင်းမွန်ဖို့ အရေးကြီးပါကြောင်း၊ ဝင်ငွေစီးပွားရေး ကောင်းမွန်ဖို့အတွက် အခြေခံအရေး၊ အဖတ်၊ အတွက် တတ်မြောက်ရေးသည် အလွန်အရေးကြီးပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် အခြေခံစာမတတ်မြောက်ခဲ့သူများ စာတတ်မြောက်ရေးအတွက် ယခင်က နွေရာသီ ကာလများတွင်သာ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဆောင်ရွက်နိုင်ခဲ့သော်လည်း ၂၀၁၆ ခုနှစ် ဧပြီလမှစတင်၍ တက္ကသိ်ုလ်ကျောင်းသား ကျောင်းသူများအား လပ်ချိန်ဖြစ်သည့် ဧပြီ၊ မေနှင့် အောက်တိုဘာ၊ နိုဝင်ဘာလများတွင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ကြားကာလများတွင် ဒေသခံစေတနာရှင် လုပ်အားပေး လူငယ်မောင်မယ်များဖြင့် တစ်နှစ်ပတ်လုံး အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို အရှိန်အဟုန်မြှင့် အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း။
ယနေ့မှစ၍ ရက်ပေါင်းလေးဆယ်အတွင်း ညောင်ဦးခရိုင်တွင် စာသင်ဝိုင်းပေါင်း (၁၀၆)ဝိုင်းမှ စာသင်သား (၁၀၃၃)ဦးအား မန္တလေးတက္ကသိုလ်၊ မန္တလေး နည်းပညာ တက္ကသိုလ်တို့မှ စေတနာရှင်လုပ်အားပေးကျောင်းသား ကျောင်းသူ (၂၂၃) ဦးတို့က အခြေခံစာတတ်မြောက်ရေးအတွက် သင်ကြားပေးသွားမည်ဖြစ်ပါကြောင်း၊ စာတတ်မြောက်ရေးလုပ်ငန်းများ အောင်မြင်ရေးအတွက် အားလုံးညီညီ ညွှတ်ညွှတ် ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ပေးကြစေလိုပါကြောင်း စသည်ဖြင့် ပြောကြားသည်။
ယင်းနောက် မန္တလေးတိုင်းဒေသကြီး စီမံ/ဘဏ္ဍာဝန်ကြီး ဦးမြတ်သူက အမှာစကားပြောကြားကာ စေတနာရှင်လုပ်အား ပေးကျောင်းသား ကျောင်းသူများ၊ ကြီးကြပ်ဆရာရာမများနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကြသည်။
အခမ်းအနား ဒုတိယပိုင်းအား ဆက်လက်ကျင်းပရာ အခြေခံပညာ အထက်တန်းကျောင်း (မြို့မ) ကျောင်းသား ကျောင်းသူလေးများက “ပုဂံအက” ဖြင့် သရုပ်ဖော်တင်ဆက် ဖျော်ဖြေကြသည်။
ယင်းနောက် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်ထွန်းက ဖွင့်ပွဲတွင် ဂုဏ်ပြုဖျော်ဖြေခဲ့ကြသည့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုငွေများ ပေးအပ်သည်။
ယင်းနောက် စာတတ်မြောက်ရေးလှုပ်ရှားမှု Video Clip ပြသပြီး ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်ဝင်းက နိဂုံးချုပ်ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


