ရန်ကုန် ၉ ဧပြီ
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရခိုင်အသင်းအဖွဲ့အစည်းများ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီခွဲက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၃)၌ ကျင်းပသည်။
အစည်းအဝေးတွင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီ ဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်က ယနေ့ တွေ့ဆုံမှုသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရခိုင်အသင်းအဖွဲ့အစည်းများမှ ဆွေးနွေးလာမည့် အချက်အလက်များကို နားထောင်၍ မှတ်တမ်းယူသွားမည်ဖြစ်ကြောင်း၊ မိမိတို့ကော်မတီ ဖွဲ့စည်းရသည့်အဓိကတာဝန်သည် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပျက်နေသည့် လက်ရှိပဋိပက္ခများနှင့်ပတ်သက်၍ တွေ့ဆုံသင့် တွေ့ဆုံထိုက်သည့် ပုဂ္ဂိုလ်များနှင့်တွေ့ဆုံ၍ ပြောဆိုအကြံပြုချက်များကို ရယူသွားမည်ဖြစ်ကြောင်း၊ ရရှိလာသည့် အချက်အလက်များကို အခြေခံ၍ ညှိနှိုင်းသုံးသပ်ပြီး ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် ပဋိပက္ခကို ပြေလည်အောင် ငြိမ်းချမ်းအောင်နှင့် ရေရှည်တွင် လုပ်သင့်လုပ်ထိုက်သည်များကို စာတမ်းတစ်စောင်ပြုစု၍ အစိုးရအဖွဲ့သို့ တင်သွင်းသွားမည်ဖြစ်ကြောင်း၊ ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ၍ မြို့ပေါ်သို့ရောက်ရှိလာသည့် တိုက်ပွဲရှောင် ပြည်သူများကို တစ်ဖက်တစ်လမ်းမှ ကူညီရမည်ဖြစ်ကြောင်း၊ ထိုသို့ ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက်လည်း ပြင်ဆင်ကြိုးပမ်းလျက်ရှိကြောင်း၊ ယခု ရခိုင်ခရီးစဉ်တွင် မြောက်ဦးနှင့် ကျောက်တော်မြို့များရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် အဓိကအကူအညီများ ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ဖြစ်ပေါ်နေသည့်ပဋိပက္ခများကို လျော့ကျစေရန်၊ တိုက်ပွဲရှောင်ပြည်သူများအနေဖြင့် မိုးမကျမီ မိမိနေရပ်သို့ ပြန်လည်၍ လယ်ယာကိုင်းကျွန်းလုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် မည်ကဲ့သို့ ဆောင်ရွက်ပေးနိုင်မည်ဆိုသည်ကို ရခိုင်အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပညာရှင်များမှ တင်ပြလာသည့်အချက်များကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ စစ်တွေမြို့တွင်လည်း ပါတီအဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများ၊ လူမှုရေးအဖွဲ့အစည်းများ နှင့်တွေ့ဆုံ၍ တင်ပြလာသည့် အချက်အလက်များကို ရယူသွားမည်ဖြစ်ကြောင်း၊ တွေ့ဆုံသင့်သည့် ပညာရှင်များနှင့်လည်း တွေ့ဆုံသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသည့် ရခိုင်အသင်းအဖွဲ့အစည်းများက အကြံပြုတင်ပြချက်များကို ဆွေးနွေးတင်ပြပြီး ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ ဒုတိယဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုအဖွဲ့ရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်အုန်းနှင့် ဦးညီလှငယ်တို့က ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခများ အမြန်ဆုံးလျော့ကျ၍ ရခိုင်ပြည်နယ်တစ်ခုလုံး တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေတိုရေရှည် ဆောင်ရွက်ရမည့် စီမံချက်လုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြန်လည်ဆွေးနွေးကြသည်။
ယင်းနောက် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်က နိဂုံးချုပ်အမှာစကား ပြောကြားပြီး မွန်းလွဲပိုင်းတွင် အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။
ယနေ့ကျင်းပသည့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရခိုင်အသင်းအဖွဲ့အစည်းများ တွေ့ဆုံညှိနှိုင်းအစည်းအဝေးသို့ ရခိုင်အသင်းအဖွဲ့အစည်းများဖြစ်ကြသည့် Rakhine Thahaya Association၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်အသင်းချုပ်၊ ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့၊ ရခိုင်အမျိုးသမီးအသင်း(ရန်ကုန်)၊ ရခိုင်အမျိုးသားပါတီ(ရန်ကုန်)၊ Scholar Institute၊ ရခိုင်အမျိုးသားကွန်ရက်၊ ပျိုးပင်အင်စတီကျူတို့နှင့် ဖိတ်ကြားထားသည့် ပညာရှင်များ တက်ရောက်ကြသည်။
(သတင်းစဉ်)


