နေပြည်တော် ၉ ဧပြီ
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်နှင့်အဖွဲ့သည် ထိုင်းနိုင်ငံ၊ ချင်းရိုင် (Chiang Rai) မြို့၌ ဧပြီ ၃ ရက် မှ ၅ ရက်အထိ ကျင်းပခဲ့သည့် (၁၅) ကြိမ်မြောက် အာဆီယံဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေး (15th ACGM )၊ (၅)ကြိမ်မြောက် အာဆီယံယဏ္ဍာရေးဝန်ကြီးနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ ပူးတွဲအစည်းအဝေး (5th AFMGM)နှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ခဲ့သည်။
အစည်းအဝေးကာလအတွင်း ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့သည် ဧပြီ (၅)ရက်တွင် ကျင်းပသည့် ဗဟို(၅)ကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ ပူးတွဲအစည်းအဝေးနှင့် (၁၅) ကြိမ်မြောက် အာဆီယံ ဗဟိုဘဏ် ဥက္ကဋ္ဌများ အစည်းအဝေးတို့သို့ တင်ပြရန် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဧပြီ ၃ ရက်တွင် ကျင်းပသည့် အာဆီယံ +၃ ဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဒုတိယအကြီးအကဲများ အစည်းအဝေး၊ အာဆီယံဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဒုတိယအကြီးအကဲများ အစည်းအဝေး၊ အာဆီယံဗဟိုဘဏ် ဒုတိယအကြီးအကဲများ အစည်းအဝေးများသို့ တက်ရောက်ခဲ့သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် အဖွဲ့သည် ဧပြီ ၄ ရက် မွန်းလွဲပိုင်းတွင် ကျင်းပသည့် အာဆီယံဗဟိုဘဏ် ဥက္ကဋ္ဌများနှင့် ငွေရေးကြေးရေး အဖွဲ့အစည်းများအကြား စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌသည် ဧပြီ ၅ ရက် နံနက်ပိုင်းတွင် ကျင်းပသည့် (၁၅) ကြိမ်မြောက် အာဆီယံဗဟိုဘဏ်ဥက္ကဋ္ဌများအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ အဆိုပါ အစည်းအဝေးတွင် ဘဏ်လုပ်ငန်းကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် အာဆီယံငွေရေးကြေးရေး ပေါင်းစည်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ တိုးတက်မှုအခြေအနေများအား ဗဟိုဘဏ်ဥက္ကဋ္ဌများက ဆွေးနွေးခဲ့ကြပြီး ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအပေါ် ဆွေးနွေးညှိနှိုင်းသည်။
ဆက်လက်၍ ဗဟိုဘဏ်ဥက္ကဋ္ဌသည် မွန်းလွဲပိုင်းတွင် ကျင်းပသည့် (၅)ကြိမ်မြောက် အာဆီယံ ဘဏ္ဍာရေးဝန်ကြီးနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ ပူးတွဲအစည်အဝေးသို့ တက်ရောက်သည်။ အဆိုပါ အစည်းအဝေးတွင် ကမ္ဘာ့စီးပွားရေးနှင့် ဒေသဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အခြေအနေနှင့် အလားအလာများ၊ အာဆီယံငွေကြေးနှင့် ငွေရေးကြေးရေးပူပေါင်း ဆောင်ရွက်မှုလမ်းပြမြေပုံ အကောင်အထည်ဖော်ခြင်းဆိုင်ရာ လုပ်ငန်းတိုးတက်မှုအခြေအနေ၊ အာဆီယံ+၃ ငွေရေးကြေးရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များဖြစ်သည့် (၁) ဇင်းမယ်အစီအစဉ်မတွင် နိုင်ငံစုံပါဝင်လာရေး (Chiaing Mai Initiative Multilateralization-CMIM) အကောင်အထည်ဖော်မှုနှင့် (၂) အာရှငွေချေးစာချုပ်ဈေး ကွက်အစီအစဉ် (Asian Bond Markets Initiative-ABMI) အကောင်အထည်ဖော် ဆောင်ရွက်မှုတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
၂၀၂၀ ပြည့်နှစ် အာဆီယံဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေး၊ အာဆီယံဗဟို ဘဏ်ဒုတိယဥက္ကဋ္ဌများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ၂၀၂၀ ပြည့်နှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့် ဗီယက်နမ်နိုင်ငံတွင် ကျင်းပရန် သဘောတူညီခဲ့သည်။
အစည်းအဝေးမကျင်းပမီ ဗဟိုဘဏ်ဥက္ကဋ္ဌသည် US-ASEAN Business Council (US-ASEAN) ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံ၍ ဘဏ်လုပ်ငန်းကဏ္ဍနှင့် ငွေရေးကြေးရေးကဏ္ဍဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် အဖွဲ့သည် ဧပြီ ၆ ရက်တွင် လေကြောင်းခရီးဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


