ရန်ကုန် ၉ ဧပြီ
ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး ပညာပေးမှုများ အခန်းကဏ္ဍအနေဖြင့် အများပြည်သူတို့ သိရှိလိုက်နာကြစေခြင်းငှာ ထိုပညာပေး အစီစဉ်တစ်ခုအနေနှင့် လူသူအများ စည်ကားများပြားရာ အချက်အချာ အကွက်အကွင်းကျသည့် ရန်ကုန်မြို့လယ် ဆူးလေဘုရားပတ်လမ်းအနီး မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံဥယျာဉ်အတွင်း ပြကွက်ဆိုင်ခန်း သုံးခန်းဖြင့် စွန့်ပစ်ပလတ်စတစ် အမျိုးအစားလိုက် ခွဲခြား၍ အပန်းဖြေလာ ခရီသွားပြည်သူအပေါင်း ကြည့်ရှုမှတ်သား လေ့လာနိုင်ကြစေရန် သင်္ကြန်မတိုင်မီ ယခုရက်ပိုင်းအတွင်း တွေ့မြင်နိုင်မည်ဖြစ်သည်။
ပလတ်စတစ်အမှိုက်အိတ်များ စုစည်း၍ ပြခန်းတစ်ခု၊ ကော်ဖီမစ်အိတ်ပါ ပလတ်စတစ် အိတ်ငယ်များ သီတန်းထားသည့် ဆိုင်ခန်းတစ်ခု၊ ရေသန့်ပလတ်စတစ်ဘူးများ စုစည်းထားသည့် ဆိုင်ခန်းတစ်ခု စုစုပေါင်းဆိုင်ခန်းပေါင်း သုံးခုဖြင့် ပညာပေးပြသထားသည်ကို ပန်းခြံအတွင်း တွေ့မြင်ရပြီး လာရောက်အပန်းဖြေသူများကလည်း စိတ်ဝင်တစား လေ့လာကြည့်ရှုလျက်ရှိကြသည် ိုလည်း တွေ့မြင်ကြရမည်ဖြစ်သည်။
ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကြောင့် တစ်နေ့လျှင် တန် ၂၀၀ ခန့် မြန်မာနိုင်ငံအတွင်းရှိ မြစ်များအတွင်းသို့ ရောက်ရှိနေရာ ဧရာဝတီမြစ်အတွင်း၌ပင် (၅၀) ရာခိုင်နှုန်းခန့် ရောက်ရှိနေကြောင်း၊ ရောက်ရှိနေသော ပလတ်စတစ်အမှိုက်များကြောင့် ရေနေသတ္တဝါများပင် သေကျေနေကြရသည်ကိုလည်း သိရှိနေကြမည်ပင်ဖြစ်ကြောင်း၊ ရေလမ်းကြောင်းသွား စက်ရေယာဉ်များပင်လျှင် ပလတ်စတစ်အမှိုက်များကြောင့် လေဒလက်ပန်ကာများ ချို့ယွင်းပျက်စီး ရှုံးဆုံးခြင်းနှင့် ရင်ဆိုင်နေကြရသည်များလည်းရှိကြောင်း၊ သာမန်မျက်စိနှင့် မမြင်နိုင်သော ပလတ်စတစ်အမှုန်များသည်လည်း (၇)သောင်းခန့် လူတိုင်းလူတိုင်း နေ့စဉ်စားသုံးမိနေကြောင်း ကျန်မာရေးသုတေသန ပညာရှင်များကလည်း အဆိုအမိန့်ရှိသည်။
ပလတ်စတစ်လျှော့ချရေး စီစဉ်ဆောင်ရွက်နေသော တာဝန်ရှိသူတစ်ဦးက "ဒီလိုပညာပေး ပြသထားသည့် ပလတ်စတစ်အိတ်စွန့်ပစ်မှုက အကြီးမားဆုံးပါပဲ၊ ဒုတိယအကြီးမားဆုံးက ပလတ်စတစ်ရေသန့်ဘူးတွေပါ၊ တစ်ခါသုံး ပလတ်စတစ်ရေသန့်သုံးစွဲမှု သက်တမ်းဟာ လွန်ခဲ့တဲ့ ၂၅ နှစ်ခန့်နဲ့ ယနေ့ခေတ် ပလတ်စတစ် သုံးစွဲမှု နှိုင်းယှဉ်ကြည့်ရင် လွန်ခဲ့တဲ့ ၂၅ နှစ်ထက် ၁၀ ဆမက ပိုများလာတာကို တွေ့ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ဘယ်တော့မှ မပျက်စီးနိုင်ပဲ တည်ရှိနေမဲ့ အရာတွေဟာ ပလတ်စတစ်ပဲ ဖြစ်နေမှာပါ။ ပလတ်စတစ်ကြောင့် သယံဇာတ မြေဩဇာ ရေမြေ သဘာဝပတ်ဝန်းကျင်အားလုံး ပျက်ဆီးရှုံးဆုံးမှုတွေနဲ့ ရင်ဆိုင်တွေ့ကြုံနေရမှာ ဖြစ်လို့လည်း ဒီပညာပေးအစီအစဉ်အရ ကျွန်တော်တို့အဖွဲ့အနေနဲ့ ပလတ်စတစ် သုံးစွဲမှုလျှော့ချရေး နိုင်ငံအဝှမ်း ပညာပေးအခန်းကဏ္ဍများ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်"ဟု ပြောသည်။
မျိုးမင်းသိန်း(မရမ်းကုန်း)
ဓါတ်ပုံ-မျိုးကြီး


