ကနီ ၁ဝ ဧပြီ
ပြည်သူများအနေဖြင့် ဌာနဆိုင်ရာများနှင့် ဆက်စပ်၍ လုပ်ငန်းများဆောင်ရွက်ရာတွင် လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ရေးနှင့် ရုံးဌာနများ၏ လုပ်ငန်းများ ပြည်သူများ သိရှိနိုင်ရေးတို့အတွက် ကနီမြို့နယ် ပြည်သူ့ဝန်ဆောင်မှု(OSS)ရုံးမှ ရွေ့လျားဝန်ဆောင်မှုလုပ်ငန်း (Mobile Service Delivery) အစီအစဉ်ဖြင့် ကနီမြို့နယ်ညောင်သူများ ကျေးရွာသို့ အသိပညာပေးဟောပြောခြင်းနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ ကနီမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိုက်စိုးထွန်းက ပြည်သူ့ဝန်ဆောင်မှုရုံး ဖွင့်လှစ်ရခြင်းအကြောင်း၊ ရွေ့လျားဝန်ဆောင်မှုလုပ်ငန်းအကြောင်း၊ (OSS)ရုံး၏ ရည်ရွယ်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ဌာနဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကိုကိုအောင်က သက်ငယ်မုဒိမ်းကာကွယ်ရေး၊ လူမှောင်ခိုလူကုန်ကူးမှု တားဆီးရေးနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းအကြောင်း ရှင်းလင်းဟောပြောခြင်း၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးကိုက လယ်ယာမြေနှင့်ပတ်သက်၍ ပုံစံ(၇)အကြောင်း ဆွေးနွေးဟောပြောခြင်း၊ မြို့နယ်ကျန်းမာရေးဌာန ကျန်းမာရေးမှူး ဦးဟန်ဝင်းအောင်က ကျန်းမာရေးနှင့်ပတ်သက်၍ အသိညာပေးဟောပြောခြင်း၊ မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးလွင်က အပူဒဏ်ကာကွယ်ရန်နှင့် အိုဇုန်းလွှာကို ထိန်းသိမ်းနိုင်ရန်အတွက် သိကောင်းစရာများအပြင် ဌာနမှ နည်းစနစ်များ ပံ့ပိုးကူညီမှုတို့ကိုလည်းကောင်း၊ မြို့နယ်လဝက ဦးစီးဌာနမှ လက်ထောက်ဦးစီး ဦးတင်ဝင်က မွေးတိုးနှင့် သေစာရင်းများ အိမ်ထောင်စုဇယားတွင် ဖြည့်ပေးခြင်း၊ နုတ်ပေးခြင်းများ ဆောင်ရွက်ပေးခြင်း၊ မြို့နယ်ပြန်/ဆက်ဦးစီးဌာနမှ မြို့နယ်ဦးစီး ဒေါ်ခင်ဝင်းကြည်က စာဖတ်ရှိန်မြှင့်တင်ရေး စာတတ်သူတိုင်း စာဖတ်ရေး၊ ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေး ဆွေးနွေးဟောပြောခြင်း၊ မြို့နယ်ကျေးလက်ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးသက်က မြစိမ်းရောင်စီမံကိန်းရံပုံငွေအကြောင်း၊ မိမိဌာနမှ ကျေးရွာဖွံ့ဖြိုးရေး ဆောင်ရွက်ပေးနိုင်သည့် လုပ်ငန်းများအကြောင်း ရှင်းလင်းပြောကြားပြီး ဌာနများအလိုက် လက်ကမ်းစာစောင်များ ဝေငှခြင်းများ ဆောင်ရွက်ခဲ့ကြာင်း သိရသည်။
ခင်ဝင်းကြည်(ပြန်/ဆက်)


