ကျွန်းလှ ၁၀ ဧပြီ

 


စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် အစေ့ထုတ်ပြောင်းစိုက်ခင်းများအတွင်း ကျရောက်သော ငမြှောင်တောင်ပိုး(FAW) ကာကွယ်နှိမ်နင်းရေး ပညာပေးသင်တန်းကို ဧပြီ ၉ ရက် နံနက် ၉ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ရုံးခန်းမ၌ ကျင်းပကြောင်း သိရသည်။

 


ဆွေးနွေးပွဲတွင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးဝင်းရွှေက ခရိုင်အတွင်း နှစ်စဉ် မိုးအစေ့ထုတ်ပြောင်း ဧကတစ်သိန်းကျော် စိုက်ပျိုးခဲ့ကြောင်း၊ ပြောင်းဈေးကောင်းခြင်းကြောင့် ကျွန်းလှမြို့နယ်တွင် ဆောင်းရာသီပြောင်း (၁၄၄၈)ဧက စိုက်ပျိုးခဲ့ရာ ကျေးရွာအုပ်စုငါးအုပ်စုတွင် (၅၀၂)ဧက (FAW) ငမြှောင်တောင်ပိုး ကျရောက်ကြောင်း၊ ခရိုင်/မြို့နယ် ဝန်ထမ်းများ၊ တောင်သူများပူးပေါင်း၍ အောင်မြင်စွာ နှိမ်နင်းနိုင်ခဲ့ပြီး နောက်ရာသီတွင် ပိုးကျမှုမရှိရေးအတွက် သင်တန်းဖွင့်လှစ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

 


ထို့နောက် စိုက်ပျိုးရေးတက္ကသိုလ်ပါမောက္ခချုပ်(ငြိမ်း) ဒေါက်တာမြင့်သောင်းက ငမြှောင်တောင်ပိုး ကျရောက်ခဲ့မှုနှင့်ပတ်သက်၍ လည်းကောင်း၊ ဒေါက်တာမြင့်သောင်း၊ စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်) သီးနှံကာကွယ်ရေးတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာကျင်ကျင်ဝင်း၊ တိုင်းဒေသကြီး သီးနှံကာကွယ်ရေးတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းမြင့်တို့က ငမြှောင်တောင်ပိုး၏ ဘဝစက်ဝန်း၊ အလေ့အကျင့်နှင့် ကျရောက်ဖျက်ဆီးမှု၊ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများအကြောင်း ဆွေးနွေးပြီး ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးကာ ပြောင်းစိုက်ခင်းများအား ပိုးကျမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 


အဆိုပါသင်တန်းသို့ မြို့ပေါ်ရပ်ကွက်၊ ရှမ်းစုအုပ်စု၊ မကျီးအင်းအုပ်စု၊ ကျီကုန်းအုပ်စု၊ ရွာသီးအုပ်စုတို့မှ ပြောင်းစိုက်တောင်သူ (၅၀) တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 


မျိုးဝင်းညို (ကျွန်းလှ)
 

 

ee