မန္တလေး ၁၀ ဧပြီ
မန္တလေးသင်္ကြန်၌ သံချပ်အဖွဲ့ ၁၂ဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှဌာနမှူး ဦးတင်ထွန်းဦး ကပြောသည်။
ယခုနှစ်တွင် မန္တလေးသင်္ကြန်၌ သံချပ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် လာရောက်လျှောက်ထားသူ ၁၂ဖွဲ့ ရှိပြီး သံချပ်အဖွဲ့ ၁၂ဖွဲ့လုံးကို ပါဝင် ယှဉ်ပြိုင်နိုင်ရန် ခွင့်ပြုပေးခဲ့ပြီး သံချပ်ပြိုင်ပွဲကို သင်္ကြန်အကြိုနေ့၊ အကျနေ့၊ အကြတ်နေ့တို့တွင် မနော်ရမ္မံလူထုဟစ်တိုင်ကွင်း၌ ကျင်းပသွားမည်ဖြစ်သည်။
"ပထမဆုကျပ် သိန်း ၃၀၊ ဒုတိယဆုကို ကျပ်သိန်း ၂၀၊ တတိယဆုကိုကျပ်သိန်း ၁၀ နှင့် နှစ်သိမ့်ဆုကို ၇ သိန်း သတ်မှတ်ထားတယ်။ ဆုငွေတွေကို မနှစ်ကနှုန်းထားထက် တိုးပေးထားတယ် ။ နောက်ပြီး ဒီနှစ်မှာ သံချပ်အဖွဲ့တွေက အချိန်ကို တိုးပေးဖို့နဲ့ ပြိုင်ပွဲဝင် ဦးရေ တိုးပေးဖို့ တောင်းဆိုလာတဲ့ အတွက်ကြောင့် အချိန်ကို ၄၅ မိနစ်သတ်မှတ်ထားတယ်" ဦးတင်ထွန်းဦး ကပြောသည်။
ပါဝင်ယှဉ် ပြိုင်မည့်သံချပ်အဖွဲ့ ၁၂ ဖွဲ့မှာ ဒုတိယ ရေသောက်မြစ်၊ ခေတ်သစ်ငဘ၊ ငွေကြိုးငှက်၊ မန္တလေးမြို့မှ အောင်စံမောင်၊ ကာဒိုင်း၊ မုံရွာမြို့မှ ဒေါင်းတွန်သံ၊ ဒေါင်းမျိုးဆက်၊ ဗျောက်အဖွဲ့၊ ဟိုထိုးဒီထိုး ရွှေလက်ညှိုး၊ နည်းပညာတက္ကသိုလ်(မန္တလေး) ကိုယ်စားပြု မျိုးဆက်သစ် အင်ဂျင်နီယာ(မန်း) နည်းပညာမောင်မယ်များ အဖွဲ့၊ အောင်မြေခွပ်ဒေါင်း၊ ခွပ်ဒေါင်းမိခင်သိစေချင် အဖွဲ့တို့ဖြစ်သည်။
ဝင်ရောက်ယှဉ်ပြိုင်မည့် သံချပ်အဖွဲ့များကို သံချပ်စာသားရေးသား သီဆိုဖျော်ဖြေရာ၌ မည်သည့် ဘာသာသာသနာကို မဆို ထိပါးစော်ကားသည့် စာသားများ၊ မြန်မာယဉ်ကျေးမှုနှင့် မကိုက်ညီသည့် စာသား၊ ဝတ်ဆင်မှု၊ သရုပ်ဖော်မှုများ အပါအဝင် ပုဂ္ဂိုလ် တစ်ဦးတစ်ယောက် အဖွဲ့အစည်း တစ်ရပ်ရပ်အပေါ် စွပ်စွဲ ပုတ်ခတ်မှုများလည်း သီဆိုဖျော်ဖြေ ယှဉ်ပြိုင်မှု ခွင့်ပြုမည် မဟုတ်ကြောင်း သိရသည်။
သူရိန်လင်း


