နေပြည်တော် ၁၀ ဧပြီ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့် Physical Education Seminar ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစားကွင်းရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က National PE Seminar ၌ ပြောကြားမည့် ခေါင်းစဉ်နှင့် ဆွေးနွေးပြောကြားမည့်သူများကို အတည်ပြုဆုံးဖြတ်မည်ဖြစ်ပါကြောင်း၊ ယခု ပြုလုပ်မည့် National PE Seminar ဖြစ်သောကြောင့် ကောင်းမွန်သည့် ရလဒ်များမျှော်မှန်းထားကြောင်း၊ ထွက်ပေါ်လာသည့်ရလဒ်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနအသီးသီးသို့ ပေးပို့အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး (၃)လတစ်ကြိမ် အကောင်အထည်ဖော်ကာ ပြန်လည်ဆန်းစစ်အတည်ပြုသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် အဆင့်မြင့်ပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာချစ်စိန်က စာတမ်းခေါင်းစဉ်များပြောကြားနိုင်ရေးအတွက် တစ်နိုင်ငံလုံးရှိ တက္ကသိုလ်များအား ပေးပို့အကြောင်းကြား ခဲ့ရာ ထွက်ပေါ်လာသော စာတမ်းများအနက် National PE Seminar နှင့် သင့်လျော်သော စာတမ်း ခေါင်းစဉ်(၄)ခုနှင့် စာတမ်းရှင်အမည်များအား အတည်ပြုပေးနိုင်ရေး တင်ပြဆွေးနွေးသည်။
ဆက်လက်၍ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက အားကစားနှင့် ပညာရေးပေါင်းစပ်ဆောင်ရွက်ခြင်းကြောင့် ပိုမိုကောင်းမွန်သောရလဒ်များ ထွက်ပေါ်လာမည် ဖြစ်ကြောင်း၊ ကာယ ပညာရေးအတွက် အားကစားကို အမှန်တစ်ကယ် တာဝန်ယူသောပုဂ္ဂိုလ်များ၊ အားကစားသမားများကို လိုအပ်နေပါ ကြောင်း၊ National PE Seminar တွင် ဆွေးနွေးကြမည့် ပညာရှင်များ၏ ဆွေးနွေးမည့် ခေါင်းစဉ်များအား အတည်ပြုပေးနိုင်ရေး ဆွေးနွေးတင်ပြသည်။
ထို့နောက်အစည်းအဝေးတက်ရောက်ကြသူများမှ National PE Seminar ဖြစ်မြောက်ရေး အတွက် စာတမ်းခေါင်းစဉ်၊ ဆွေးနွေးမည့်သူများ၊ ဆွေးနွေးမည့်အကြောင်းအရာများကို အတည်ပြုပေးနိုင်ရေး၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ကျောင်းသားအားကစားပွဲတော်ဖြစ်မြောက်ရေး၊ ကျောင်းကျန်းမာရေးအတွက် ကာယချိန်များတွင် ကျောင်းသားများအား ကြီးကြပ်ပေးနိုင်ရေး၊ ကျောင်းကျန်းမာရေးအတွက် ကျောင်းသား များ အဟာရမှန်ကန်မှုများကိုစစ်ဆေးနိုင်ရေး ဆွေးနွေးမှုများကို ဝိုင်းဝန်းအကြံပြု ဆွေးနွေး သွားကြောင်း၊ ဏန သင်တန်းပို့ချရန် လိုအပ်သော အားကစားအထောက်အကူပြုပစ္စည်းများကို အားကစားနှင့်ကာယပညာ ဦးစီးဌာန အားကစားအဖွဲ့ချုပ်များမှ ကူညီပံ့ပိုးပေးနိုင်ပါရန် လိုအပ်သည့်အကြံပြုချက်များကို ဝိုင်းဝန်း အကြံပေးဆွေးနွေးကြသည်။
ယင်းနောက်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဌေးအောင်က National PE Seminar ကျင်းပနိုင်ရေးလုပ်ငန်းလိုအပ်ချက်များ ထပ်မံဖြည့်စွက် ဆွေးနွေးတင်ပြပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။
(သတင်းစဉ်)


