နေပြည်တော် ၁၀ ဧပြီ
ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ အမှတ် (၃၁) လုံခြုံရေးရဲတပ်ဖွဲ့ဌာနချုပ်အား ဧပြီ ၉ ရက် ညပိုင်းတွင် AA အဖွဲ့က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ပြီး တိုက်ပွဲနှင့် မသက်ဆိုင်သည့် မိသားစုဝင်များအား သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခေါ်ဆောင်ခြင်းများ ကျူးလွန်သွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဧပြီ ၉ ရက် ည ၁၀ နာရီခွဲခန့်တွင် AA အဖွဲ့မှ အင်အား ၂၀ဝ ခန့်က အမှတ် (၃၁) လုံခြုံရေးရဲတပ်ဖွဲ့ဌာနချုပ်အား မြောက်ဘက်မျက်နှာစာမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ပြီး အကြိမ်ကြိမ် လုံးထွေး တိုက်ခိုက် ခဲ့ကြောင်း၊ သို့ရာတွင် မိမိတပ်ဖွဲ့ဝင်များ၏ ကြံ့ကြံ့ခံ ပြန်လည်ခုခံတိုက်ခိုက်မှုကြောင့် ပင်မဌာနချုပ်၏ အရေးကြီးနေရာများ ကျဆုံးမှုမရှိဘဲ လုံခြုံရေးရဲတပ်ဖွဲ့၏ အိမ်ထောင်သည်လိုင်းများအထိသာ ဝင်ရောက်နိုင်ခဲ့ကြောင်း၊ ဧပြီ ၁၀ ရက် နံနက် ၄ နာရီ ၁၀ မိနစ်ခန့်တွင် တပ်မတော်စစ်ကြောင်း ရောက်ရှိလာခြင်းကြောင့် AA အဖွဲ့ ပြန်လည်ဆုတ်ခွာသွားသဖြင့် နံနက် ၄ နာရီခွဲခန့်တွင် စခန်းဌာနချုပ်အား မိမိတပ်ဖွဲ့ဝင် များက ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း၊ ဆုတ်ခွာသွားသော AA အဖွဲ့ နောက်သို့ တပ်မတော် စစ်ကြောင်းများက ထပ်ကြပ်လိုက်လံရှင်းလင်းလျက်ရှိကြောင်း သိရသည်။
ဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင် နှစ်ဦး ကျဆုံးပြီး ခုနှစ်ဦးပျောက်ဆုံးကာ မိသားစုဝင် ဇနီး တစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း၊ ထို့အပြင် AA အဖွဲ့က လုံခြုံရေး ရဲတပ် ဖွဲ့ဝင် များ၏ ဇနီး သုံးဦး၊ မိခင်တစ်ဦး၊ ကလေးသူငယ် သုံးဦး ( ယောင်္ကျားလေး တစ်ဦး နှင့် မိန်းကလေးနှစ်ဦး) တို့အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း၊ AA အဖွဲ့ အနေဖြင့် ယခုကဲ့သို့ လုံခြုံရေးရဲတပ်ဖွဲ့၏ အိမ်ထောင်သည် မိသားစုလိုင်းခန်းများအား ဝင်ရောက်တိုက်ခိုက်ခြင်း၊ တိုက်ပွဲနှင့် သက်ဆိုင်ခြင်း မရှိသည့် ရဲတပ်ဖွဲ့ဝင်များ၏ မိသားစု ဝင်များ၊ အမျိုးသမီးနှင့် ကလေးသူငယ်များကို ဖမ်းဆီးခေါ်ဆောင်ခြင်းများ စသည့် အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်း ရရှိသည်။
(သတင်းစဉ်)





