နေပြည်တော် ၁၀  ဧပြီ

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရသို့ ဂျပန်နိုင်ငံအစိုးရမှ အကူအညီပေးရေးဆိုင်ရာ စာချွန်လွှာ(၂)စောင် လက်မှတ်ရေးထိုး လဲလှယ်ခြင်းအခမ်းအနားကို  ယနေ့နံနက် ၉ နာရီခွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁)အစည်းအဝေးခန်းမ၌ ကျင်းပသည်။

6

အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးသောင်းထွန်း၊စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်၊ သက်ဆိုင်ရာဌာနများမှ အမြဲတမ်းအတွင်းဝန်များနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး Mr. IchiroMARUYAMA နှင့် ဂျပန်သံရုံးမှ တာဝန်ရှိသူများတက်ရောက်ကြသည်။

7

အခမ်းအနားတွင်ကျေးလက်ဒေသများတွင်စိုက်ပျိုးရေးစက်ပစ္စည်းနှင့်ဆောက်လုပ်ရေးပစ္စည်းကိရိယာများထောက်ပံ့ခြင်းစီမံချက်အတွက် ဂျပန်ယန်း (၄၄၄) သန်းနှင့် လေယာဉ်စောင့်ကြပ်ကြည့်ရှု စနစ်မြှင့်တင်ခြင်း စီမံချက်အတွက် ဂျပန်ယန်း (၂၈၂၈) သန်း အကူအညီပေးရေးဆိုင်ရာ စာချွန် လွှာများကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရကိုယ်စား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဦးဆက်အောင်နှင့် ဂျပန်နိုင်ငံအစိုးရကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး Mr. Ichiro MARUYAMA တို့က လက်မှတ်ရေးထိုးလဲလှယ်ကြသည်။

8

အဆိုပါစာချွန်လွှာများပါ အကူအညီပေးမည့် စီမံချက်များအား အကောင်အထည် ဖော်ခြင်းဖြင့် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍနှင့်ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍတို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေမည်ဖြစ်ပြီး မြန်မာ-ဂျပန်နှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများပိုမိုတိုးတက်လာစေမည်ဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်)