မြစ်ကြီးနား ၁၁ ဧပြီ
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်း အသီးသီးမှ ပြည်သူများအတွက် ကွင်းဆင်းဆောင်ရွက် ပြီးစီးသည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် အိမ်ထောင်စု လူဦးရေစာရင်းများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ဧပြီ ၁၀ ရက်၊ မွန်းလွဲ ၃ နာရီက မြစ်ကြီးနားမြို့၊ မြို့သစ်ကြီးရပ်ကွက် ဂျန်မိုင်ကောင်း စစ်ဘေးရှောင်စခန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကချင်ပြည်နယ် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဌေးအောင်ကျော် က အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးခြင်းသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ အရပ်ဒေသတစ်ခုတွင် တရားဝင် မိသားစုပုံစံဖြင့် မှီတင်းနေထိုင်ကြောင်းကို အသိအမှတ်ပြု ထုတ်ပေးသော စာရင်းဖြစ်ကြောင်း၊ အိမ်ထောင်စုကို အခြေခံပြီး လူဦးရေ ကျား/မ ခွဲခြားမှုနှင့် ကလေးသူငယ်၊ သက်ကြီးရွယ်အို စာရင်းများကို စနစ်တကျ စုစည်းနိုင်ပြီး တိုင်းပြည်၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်အောင် စနစ်တကျ စီမံဆောင်ရွက် ပေးနိုင်မည်ဖြစ်ကြောင်း၊ တရားဝင် နေထိုင်ပြီးသူများအား ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေဖြင့် တိုင်းတာ၍ ပြည်သူများ ရသင့်ရထိုက်သော ကတ်ပြားတစ်မျိုးမျိုးကို ထုတ်ပေးဆောင်ရွက် ပေးနေခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ဆက်လက်၍ ကချင်ပြည်နယ် အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းထွန်း၊ ကချင်ပြည်နယ် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်နယ်ဦးစီးမှူး ဦးဌေးအောင်ကျော်နှင့် တာဝန်ရှိသူများက မြစ်ကြီးနားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ကွင်းဆင်းဆောင်ရွက် ပြီးစီးသည့် မြစ်ကြီးနားမြို့၊ မြို့သစ်ကြီးရပ်ကွက် ဂျန်မိုင်ကောင်း စစ်ရှောင်စခန်းရှိ ဒေသခံ ပြည်သူများအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား ၃၄ ကတ်၊ အိမ်ထောင်စု လူဦးရေစာရင်း ၂၄ စု ၊ လယ်ကုန်းရပ်ကွက် ဇီအွန်၊ ဗက်လင်၊ မလိယာန် ယာယီစစ်ဘေးရှောင် စခန်းရှိ ဒေသခံ ပြည်သူများအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား ၃၆ ကတ်၊ ပလနကျေးရွာအုပ်စု စိန့်ဂျိုးဇက် စစ်ဘေးရှောင်စခန်းမှ ဒေသခံ ပြည်သူများအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား ၈၄ ကတ်၊ မော်ဖောင်းကျေးရွာအုပ်စု ခါနန်၊ လော်ဝေါ် စစ်ဘေးရှောင် စခန်းတို့မှ ဒေသခံပြည်သူများအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား ၁၈ ကတ်၊ အိမ်ထောင်စု လူဦးရေစာရင်း ၂၁ စု၊ မန်ခိန်စစ်ဘေးရှောင် စခန်းမှ ဒေသခံပြည်သူများအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား ၂၃ ကတ်၊ စီတာပူ စစ်ဘေးရှောင်စခန်းမှ ဒေသခံပြည်သူများအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား ၉ ကတ်၊ စုစုပေါင်း နိုင်ငံသားစိစစ်ရေးကတ်ပြား ၂၀၄ ကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်း ၄၅ စုတို့အား စစ်ဘေးရှောင်စခန်း အသီးသီးရှိ ဒေသခံပြည်သူများထံ လက်ဝယ်အရောက် လွှဲပြောင်းပေးအပ်ခဲ့ကြသည်။
ထို့နောက် မြစ်ကြီးနားမြို့နယ် အတွင်းရှိ စစ်ဘေးရှောင် စခန်းအသီးသီးရှိ ဒေသခံပြည်သူများအား အဆင်ပြေ ချောမွေ့စွာ နေထိုင်သွားလာနိုင်ရေးအတွက် မြစ်ကြီးနားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်ဆောင်ရွက်ပေးမှုအပေါ် မြစ်ကြီးနားမြို့၊ မြို့သစ်ကြီးရပ်ကွက် ဂျန်မိုင်ကောင်း စစ်ဘေးရှောင်စခန်း တာဝန်ခံ ဦးနော်ဆမ် က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ်အတွင်း စစ်ပွဲများဖြစ်ပွား၍ နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်လာသော ပြည်သူများအတွက် စီစဉ်ဆောင်ရွက်ပေးထားသည့် စစ်ဘေးရှောင် စခန်း ၂၇ ခု ရှိကြောင်း သိရပြီး၊ အဆိုပါ စစ်ဘေးရှောင် စခန်းများရှိ နေရပ်စွန့်ခွာလာသော ပြည်သူများကို အဆင်ပြေစွာ နေထိုင်သွားလာနိုင်ရေးအတွက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေ စာရင်းများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ရာ စစ်ဘေးရှောင်စခန်း ၉ ခု ကွင်းဆင်းဆောင်ရွက် ပြီးစီးသွားပြီ ဖြစ်ကြောင်းနှင့် ကျန်ရှိသည့် နေရပ်စွန့်ခွာ စစ်ဘေးရှောင်စခန်းများရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ဆက်လက်ကွင်းဆင်း ပြုလုပ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း မြစ်ကြီးနားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဇော်ရာ ထံမှ သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


