မိုးညှင်း ၁၁ ဧပြီ

 

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့အတွင်း ဖွင့်လှစ်ထားရှိသည့် ကုတင်(၁၀ဝ)ဆံ့ ပြည်သူ့ဆေးရုံကြီးသို့ မိုးညှင်းခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တစ်ဦးချင်းစေတနာရှင်ပြည်သူများနှင့်  အများပြည်သူစုပေါင်းထည့်ဝင် လှူဒါန်းထားသည့်  အောက်ဆီဂျင်အိုးနှင့် ဖလိုးမီတာများ လွှဲပြောင်းပေးအပ်ပွဲကို  ယမန်နေ့မွန်းလွဲ(၁)နာရီတွင်  မိုးညှင်းပြည်သူ့ဆေးရုံအပေါ်ထပ်  ခန်းမဆောင်၌ ကျင်းပသည်။

 

အခမ်းအနားတွင် ဇီဝိတအားမာန် လူမှုကူညီရေးအသင်းမှ ဦးညီညီလွင်က အလှူရှင်များစာရင်းကို ဖတ်ကြားရှင်းလင်းပြီး ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ လှူဒါန်းသည့် အောက်ဆီဂျင်ဘူးကြီး  ၃၂လုံးနှင့် ဖလိုးမီတာ ၃၂လုံးကို လည်းကောင်း၊ တစ်ဦးချင်းအလှူရှင်များ လှူဒါန်းသည့် အောက်ဆီဂျင်ဘူးကြီး (၂၅)လုံးနှင့် အများပြည်သူ စုပေါင်းထည့်ဝင်လှူဒါန်းထားသည့်  ဖလိုးမီတာ ၁၄ လုံးတို့ကို ဦးညီညီလွင်က ပေးအပ်ရာ ဆေးရုံအုပ်ကြီး ဒေါက်တာမြင့်ကျော်က လက်ခံရယူခဲ့သည်။

 

ထို့နောက် ဆေးရုံအုပ်ကြီးက ကျေးဇူးတင်စကားပြောကြားရာတွင် မိုးညှင်းဆေးရုံကြီးအနေဖြင့် ၂၀၁၈ ခုနှစ် နိုင်ဝင်ဘာလ မတိုင်မီအထိ အောက်ဆီဂျင်လိုအပ်သည့် လူနာများအနေဖြင့် ကိုယ်တိုင်စိုက်ထုတ်သုံးစွဲခဲ့ရပါကြောင်း၊ ယခုအချိန်တွင် နိုင်ငံတော်မှ ဘတ်ဂျက်ခွဲဝေချထားပေးသည့်အတွက်  လူနာများအနေဖြင့်  အောက်ဆီဂျင် အခမဲ့ရရှိနေပြီဖြစ်သော်လည်း   အိုးများလိုအပ်သည့်အတွက် အလှူခံရခြင်းဖြစ်ကြောင်း၊ မိုးညှင်းဆေးရုံသည် တစ်လအတွင်း အောက်ဆီဂျင်လိုအပ်သည့် လူနာ (၁၀ဝ)ကျော်ရှိကြောင်းနှင့် လှူဒါန်းသူများအား  မိုးညှင်းဆေးရုံကြီး ကိုယ်စားကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။

 

ကျော်ကျော်ထွေး(ပြန်/ဆက်)

 

DSC017