စစ်ကိုင်း  ၁၁   ဧပြီ

 

စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့တွင် သိမ်းဆည်းရမိခဲ့သော အသံဆူညံစေသည့် အိတ်ဇောပိုက်  ၃၅၀ ကို ဧပြီ ၁၀ ရက် နံနက်ပိုင်းက စစ်ကိုင်းမြို့တော်ခန်းမရှေ့တွင် ဖျက်ဆီးခဲ့ကြောင်း အမှတ် (၁၀၅) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး(စစ်ကိုင်း)မှ သိရသည်။

 

အမှတ် (၁၀၅) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး(စစ်ကိုင်း)မှ ၂၀၁၈ ခုနှစ်မှ -၂၀၁၉ ခုနှစ်အတွင်း လက်ရှိ အချိန်အထိ စည်းကမ်းမလိုက်နာဘဲ  စက်သံဆူညံစေသည့် အိတ်ဇော တပ်ဆင်ထားသော မော်တော်ကား/ မော်တော်ဆိုင်ကယ်များကို အရေးယူဆောင်ရွက်ခဲ့ပြီး ၎င်းတို့ထံမှ သိမ်းဆည်းရမိခဲ့သော အသံဆူညံစေသည့် အိတ်ဇောပိုက် ၃၅၀ ခုကို ဧပြီ ၁၀ ရက်တွင် လမ်းကြိတ်စက်အသုံးပြု၍ ဖျက်ဆီးသည့် အခမ်းအနားကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အမှတ် (၁၀၅)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး(စစ်ကိုင်း) မှ ဒုတိယရဲမှူး ဝင်းကိုကို ကပြောသည်။

 

mdn

 

''ဆူညံ အိတ်ဇောတွေနဲ့  သွားလာလှုပ်ရှားနေတာ ပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့အတွက် လှည်ကင်းလမ်းကြောင်းတွေနဲ့အပြင် မီးပွိုင့်တွေမှာလည်း ဆူညံအိတ်ဇောတွေနဲ့ ပတ်သက်ပြီး အရေးယူဆောင်ရွက်နေပါတယ်၊ အဲလို အရေးယူဆောင်ရွက်နေတာကို စစ်ကိုင်းမြို့နေ ပြည်သူတွေ သိရှိအောင်နှင့်  နောက်တခါ ဒီလို စက်သံဆူညံစွာ တပ်ဆင်ပြီး မောင်းနှင်းခြင်း မလုပ်မလုပ်ဖို့ရယ် ရည်ရွယ်ပြီး ခုလို ဒီအခမ်းအနားလေး ကျင်းပတာ ဖြစ်ပါတယ်။ နောက်တခုက သင်္ကြန်ကာလလည်း နီးကပ်လာတာဖြစ်တဲ့အတွက် သင်္ကြန်ပွဲတော် ဒီလို ဆူညံအိတ်ဇောတွေ တပ်ဆင်အသုံးမပြုဖို့ သင်္ကြန်ကာလ မတိုင်ခင်မှာ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်နေပါတယ် "ဟု ၎င်းကပြောသည်။

 

အဆိုပါ သိမ်းဆည်းရမိသော အသံဆူညံစေသည့် အိတ်ဇောပိုက်များအား ဖျက်စီးခြင်း အခမ်းအနားသို့ စစ်ကိုင်းခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ စစ်ကိုင်းမြို့ရှိ အရပ်ဖက် အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ စစ်ကိုင်းမြို့နေ ပြည်သူများ တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများကို သင်္ကြန်ပွဲတော် ကာလအတွင်းယာဉ်မောင်းသူများ လိုက်နာရမည့်အချက်များပါဝင်သည့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

ကိုမင်း(အင်းတော်)