တာချီလိတ် ၁၁  ဧပြီ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်တွင် မဟာသင်္ကြန်ကာလအတွင်း ပြည်သူများ ယာဉ်အန္တရာယ် ကင်းရှင်းစေရန်နှင့် စိတ်အေးချမ်းသာစွာ နွှဲပျော်နိုင်ရန် ရည်ရွယ်၍ စည်းကမ်းပျက်မောင်းနှင်သော ဆိုင်ကယ်များ၊ အသံဆူညံ  ပါဝါအိတ်ဇော တပ်သော ဆိုင်ကယ်များနှင့် အိတ်ဇောဖြုတ်မောင်းသော ဆိုင်ကယ်များကို ဖမ်းဆီး အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဖမ်းဆီးအရေးယူရန် ကြိုတင်အသိပေးသည့်အနေဖြင့် ၂၀၁၈-၂၀၁၉ ခုနှစ် ဖမ်းဆီးသိမ်းဆည်းထားသော အမှုများမှ ဆိုင်ကယ် အိတ်ဇောများနှင့် ပါဝါပြောင်း ၅၄၅ လုံးကို ဧပြီ ၁၁ ရက်တွင် တာချီလိတ်မြို့၊ ရှမ်းရိုးမကွင်း၌ ဘူဒိုဇာနှင့်ကြိတ်၍ ဖျက်ဆီးကာ အသိပညာပေး သရုပ်ပြခြင်းအပြင် ဆိုင်ကယ်မောင်းနှင်သူများ ဆိုင်ကယ်စီးဦးထုပ် ဆောင်းခြင်းအလေ့အထ ရှိစေရန် ရည်ရွယ်ချက်ဖြင့် ဆိုင်ကယ်စီးဦးထုပ် ၁၅၀ ကိုလည်း ဝေငှပေးခဲ့သည်။

 

ယင်းသရုပ်ပြပွဲတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ တာချီလိတ်စစ်ဗျူဟာအဖွဲ့(အခြေချ) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အေးမင်းဦး၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ တာချီလိတ်ခရိုင်ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ပေါ်ထွန်းနှင့် ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မဟာသင်္ကြန်ပွဲတော် စည်းကမ်းထိန်းသိမ်းရေးနှင့် လုံခြုံရေးကော်မတီမှ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ အမှတ်(၁၁၇)ယာဉ် ထိန်းရဲတပ်ဖွဲ့စု (တာချီလိတ်) တပ်ဖွဲ့စုမှူးနှင့် တပ်ဖွဲ့ဝင်များလည်း ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့သည်။

 

ပူးပေါင်းအဖွဲ့သည် သင်္ကြန်ပွဲတော်ကာလအတွင်း ယာဉ်မတော်တဆမှုများ မဖြစ်ပွားစေရေးနှင့် စည်းကမ်းမဲ့ ယာဉ်များကြောင့် ပြည်သူများ ထိခိုက်နစ်နာမှုမရှိစေရေးအတွက် ယာဉ်မောင်းသူများ လိုက်နာရန် သတိပေးဟောပြောပွဲများကို ဆောင်ရွက်ခဲ့ကြသည်။

 

တာချီလိတ်မြို့၌ ဧပြီ ၁၁ ရက်မှ စတင်ကာ မဟာသင်္ကြန်အကြိုကာလနှင့် သင်္ကြန်ရက်အတွင်း မော်တော်ဆိုင်ကယ်များ အိတ်ဇောပိုက်ဖြုတ်၍စီးခြင်း၊ အသံကျယ်လောင်စွာ မြည်အောင် ပြုပြင်၍စီးခြင်း၊ နံပါတ်ပြားကို မမြင်အောင် တွန့်ခေါက်၍စီးခြင်း၊ ရှေ့/နောက်နံပါတ်ပြားမပါဘဲ စီးခြင်း၊ ဆိုင်ကယ်တစ်စီးလျှင် နှစ်ဦးထက်ပို၍ စီးခြင်းနှင့်  ဆိုင်ကယ်ဦးထုပ်မပါဘဲ စီးခြင်းများကို အဆိုပါ ပူးပေါင်းအဖွဲ့အနေဖြင့် စစ်ဆေးဖမ်းဆီးအရေးယူမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

မြင့်မိုရ်(တာချီလိတ်)

 

IMG_201