မုံရွာ ဧပြီ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ ချင်းတွင်းသဲသောင်ပြင်တွင် ကျင်းပမည့် ချင်းတွင်းသင်္ကြန်ပွဲတော် ကျင်းပစဉ်ကာလနှင့် မြန်မာနှစ်ဆန်း တစ်ရက်နေ့တို့တွင် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများတွင် အသုံးပြုရန် မော်တော်ယာဉ် (၃၉)စီးကို အသုံးပြုရန် စီစဉ်ထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ပုဂ္ဂလိက မော်တော်ယာဉ်များ စနစ်တကျ ပြေးဆွဲရေးကော်မတီ (မုံရွာ)ဥက္ကဌ ဦးမျိုးမင်း၏ ပြောကြားချက်အရ သိရသည်။
၄င်းမော်တော်ယာဉ်များကို သင်္ကြန်ယိမ်းအဖွဲ့ သွားလာရေး၊ ရိုက်ကူးရေးအဖွဲ့ သွားလာရေး၊ သက်ကြီး ဘိုးဘွားများ သယ်ယူပို့ဆောင်ရေး၊ ပရိတ်တရားတော်ရွတ်ဖတ်ကြမည့် ဆရာတော်၊ သံဃာတော်များ ပင့်ဆောင်ရေးတို့တွင် အသုံးပြုသွားရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။
''သင်္ကြန်ကာလအတွင်းနဲ့ နှစ်ဆန်းတစ်ရက်နေ့တွေမှာ သွားလာဖို့ အခက်အခဲ မရှိစေရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ လမ်းညွှန်မှုအရ လုပ်ဆောင်တာပါ'' ဟု စစ်ကိုင်းတိုင်းဒေသကြီး ပုဂ္ဂလိက မော်တော်ယာဉ်များ စနစ်တကျ ပြေးဆွဲရေးကော်မတီ(မုံရွာ)ဥက္ကဌ ဦးမျိုးမင်းက ပြောသည်။
၂ဝ၁၉ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို မုံရွာမြို့တွင် ဧပြီလ (၁၃)ရက်နေ့မှ (၁၆)ရက်နေ့ အထိလည်းကောင်း ဇီဝိတဒါနငါးလွှတ်ပွဲ၊ သက်ကြီးပူဇော်ပွဲနှင့် အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ပွဲများကို ဧပြီလ (၁၇)ရက်နေ့ (မြန်မာနှစ်ဆန်းတစ်ရက်နေ့)တို့တွင် ကျင်းပပြုလုပ်သွားရန် စီစဉ်ထားခြင်း ဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


