ရန်ကုန် ၁၁ ဧပြီ
မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးကကြီးမှူးကျင်းပသည့် ၂၀၁၉ ခုနှစ် သင်္ကြန်ကြိုဆိုပွဲ အခမ်းအနားကို ယနေ့ ညနေ ၄ နာရီက ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ပြည်ထောင်စုရိပ်သာလမ်းရှိ အဆိုပါသံရုံး ပရဝုဏ်၌ကျင်းပသည်။
ရှေးဦးစွာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်က နှစ်နိုင်ငံ ယခင် နိုင်ငံ့ခေါင်းဆောင်များအတူ ပြုစုပျိုးထောင်ခဲ့သည့် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကိ်ု အမွေဆက်ခံပြီး ထွန်းကားစေရန်နှင့် တရုတ်မြန်မာ ချစ်ကြည်ရေးကို ခေတ်အဆက်ဆက် လက်ဆင့်ကမ်းနိုင်စေရန် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက တရုတ်-မြန်မာ နယ်ပယ်အသီးသီးမှ မိတ်ဆွေများနှင့်အတူ အတာသင်္ကြန်ကြိုဆိုပွဲ အခမ်းအနားကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းတို့က မြန်မာ့ရိုးရာ အတာသင်္ကြန် နှစ်သစ်ဆုမွန်နှင့် မြန်မာ-တရုတ် နှစ်နိုင်ငံချစ်ကြည်ရေးနှင့် စပ်လျဉ်း၍ အမှာစကား ပြောကြားကြသည်။
ယင်းနောက် ယိမ်းအဖွဲ့များက သင်္ကြန်မိုး၊ မန်းတောင်ရိပ်ခို တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး၏ ဇနီး မစ္စ ဝမ်ရွှယ်ဟုန်နှင့် သံရုံးမိသားစုဝန်များက ``ပန်းတိုင်းငြိမ်းချမ်းစွာ ပွင့်စေ´´ တေးသီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးနှင့်ဇနီး၊ သံရုံးမိသားစုဝင်များ၊ ဧည့်သည်တော်များသည် အတာရေများပက်ဖျန်း၍ ၂၀၁၉ ခုနှစ် သင်္ကြန်ကြိုဆိုပွဲကို ပျော်ရွှင်စွာ ဆင်နွှဲကြသည်။
ယခု ကျင်းပသည့် ၂၀၁၉ ခုနှစ် သင်္ကြန်ကြိုဆိုပွဲ အခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးက ဒုတိယအကြိမ်မြောက် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ပါလီမန်ဒီမိုကရေစီ ခေတ်ကာလတွင်လည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် ချူအင်လိုင်းသည် ရန်ကုန်မြို့သို့ နှစ်ကြိမ်လာရောက်လည်ပတ်ခဲ့ပြီး မြန်မာနိုင်ငံ ဝန်ကြီးချုပ် ဦးနုနှင့်အတူ မြန်မာရိုးရာအတာ သင်္ကြန်ပွဲတော်ကို ဆင်နွှဲခဲ့သကဲ့သို့ ဝန်ကြီးချုပ် ဦးနုသည်လည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ဆစ်ဆောင်ပန္နားသို့သွားရောက်၍ တရုတ်ပြည်သူ့ သမ္မတနိုင်ငံဝန်ကြီးချုပ် ချူအင်လိုင်းနှင့်အတူ ဒေသခံတိုင်းရင်းသားလူမျိုးများနှင့် အတာသင်္ကြန်ပွဲတော်ကို သွားရောက်ဆင်နွှဲခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


