မယ်စဲ့  ၁၂   ဧပြီ

 

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၂၃ သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော စက်ရေတွင်း၊ ရေကန်နှင့် ရေစက်ရုံဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက ကျောက်စုကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ကျောက်စုကျေးရွာသည် နှစ်စဉ်နွေရာသီ သောက်သုံးရေရှားပါးမှု ကြုံတွေ့နေရပြီး စက်ရေတွင်းအောင်မြင်စွာ တူးဖော်နိုင်သည့်အတွက် ဝမ်းသာပီတိ ဖြစ်ရကြောင်း၊ စက်ရေတွင်းရေရှည်တည်တံရေးအတွက် ရေပေးရေးကော်မတီဖွဲ့စည်းပြီး စနစ်တကျထိန်းသိမ်း ဆောင်ရွက်ကြရန်နှင့် စည်းကမ်းရှိရှိအသုံးချစေလိုကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ကယားပြည်နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ) ဦးကျော်လင်းအောင်က ရေပေးရေးလုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ကျေးရွာရေပေးရေးလုပ်ငန်းအား သက်ဆိုင်ရာ ကော်မတီထံ လုပ်ငန်းများလွှဲပြောင်းပေးအပ်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

 

ယင်းနောက် ကျောက်စုကျေးရွာ စက်ရေတွင်း၊ ရေကန်နှင့် ရေစက်ရုံတို့အား ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရို၊ ပြည်နယ်စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဦးဘော့စကို၊ ပြည်နယ်သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးတီရယ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းအား လှည့်လည် ကြည့်ရှုခဲ့ကြောင်း သိရသည်။

 

ဝတ်ရည်(ပြန်/ဆက်)

 

received