ဖယ်ခုံ ၁၂ ဧပြီ
ဖယ်ခုံမြို့နယ်၌ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် လျှပ်စစ်ဓာတ်အားရရှိခဲ့သော ခေါင်းအိကျေးရွာအုပ်စုရှိ ကျေးရွာပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် ဧပြီလ ၁၁ ရက်နေ့က မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးသန့်ဇင်ဝင်းနှင့် ဝန်ထမ်းက ကွင်းဆင်း၍ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါလျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးခြင်းလုပ်ငန်းများကို ခေါင်းအိကျေးရွာအုပ်စုရှိ ခေါင်းအိကျေးရွာ၊ စက်တော်ကျေးရွာ၊ လတိန်ကျေးရွာနှင့် လဟွဲကျေးရွာများရှိ တိုင်းရင်းသားပြည်သူများ လျှပ်စစ် ဓာတ်အားကို အန္တရာယ်ကင်းရှင်းစွာ အသုံးပြုတတ်စေရန်အတွက် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအသိပညာပေး ဟောပြောခြင်း၊ မြေစိုက်ပိုစတာများစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ကျေးရွာအသီးသီးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
၎င်းကျေးရွာများသည် ယခင်ကလျှပ်စစ်မီးမရရှိသဖြင့် အဓိကအားဖြင့် မီးလင်းရေး၊ ရေရရှိရေးလုပ်ငန်း များတွင် အခက်အခဲမျာစွာရှိခဲ့ပြီး ယခုအခါလျှပ်စစ်မီးရရှိပြီဖြစ်၍ ကျေးရွာများ၏ လူမှုရေး၊ စီးပွားရေး စသည်ဖြင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအကျိုးပြုမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲများသို့ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးသန့်ဇင်ဝင်းနှင့် ဝန်ထမ်းများ၊ ကျေးရွာအသီးသီးရှိ ရပ်မိရပ်ဖများနှင့် ပြည်သူထူထုများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ကိုထွေး(ဖယ်ခုံ)


