ကျောင်းကုန်း ၁၂ ဧပြီ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အတွင်းရှိ ဆေးဆိုင်များ၌ ကာမရာဂ တားမြစ်ဆေးဝါးများ၊ ခွင့်ပြုချက်မဲ့ ဆေးဝါးများနှင့် ရက်လွန်ဆေးဝါးများ ရောင်းချမှု မရှိစေရေး၊ အရက်ဆိုင်များ၌ လိုင်စင်မဲ့ပြင်းအားများ အရက်များရောင်ချခြင်း မရှိစေရေးအတွက် ယနေ့နံနက် ၉ နာရီ အချိန်က ရှောင်တခင် စစ်ဆေး အသိပညာပေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်း၊ မြို့မရဲစခန်းမှူး ဒုရဲမှူး မောင်မောင်သန်းနှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေး၊ စားသုံးသူရေးရာ၊ မီးသတ်တပ်ဖွဲ့၊ ကျန်းမာရေးနှင့် ပူးပေါင်းအဖွဲ့များလိုက်ပါ၍ ကာမရာဂ တားမြစ်ဆေးဝါးများနှင့် ရက်လွန်ဆေးဝါးများ ရောင်းချမှုမရှိစေရေး၊ လိုင်စင်မဲ့အရက်များ ရောင်းချခြင်း ရှိ/မရှိ ရှောင်တခင် စစ်ဆေးပြီး အသိညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
"ဧပြီလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျရောက်မည့် သင်္ကြန်ကာလတွင် တရားမဝင် ခွင့်ပြုချက်မဲ့ ဆေးဝါးများ ရောင်းချမှုမရှိစေရေးအတွက် ပညာပေးဟောပြောမှုတွေ ပြုလုပ်ရခြင်း ဖြစ်တယ်"ဟု မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်း ကပြောသည်။
ဝင်းကြိုင်(ပြန်/ဆက်)


