နေပြည်တော်   ၁၂   ဧပြီ

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ကူးတို့ဆိပ်ကျေးရွာအုပ်စု၊ ဝဲကြီးကျေးရွာအတွင်း တည်ထားကိုးကွယ်လျှက်ရှိသည့် သမိုင်းဝင်ဆင်ဖြူတောင်စေတီတော်၏ (၈၅)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲကို ယနေ့ နံနက် ၈ နာရီတွင် ဆင်ဖြူတောင် ဘုရားတောင်ခြေ မုဒ်ဦးတွင် ကျင်းပသည်။

 

ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ပေးပြီး၊ ကူးတို့ဆိပ် ဘုန်းတော်ကြီးကျောင်းဆရာတော် ဘဒ္ဒန္တဦးဝိလာသထံမှ ငါးပါးသီလခံယူကာ ဆရာတော်မှ သြဝါဒ ချီးမြှင့်ပေး သည်။

 

ထို့နောက် (၈၅)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အား ပျဉ်းမနားမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးသန်းစိုးအောင်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ အုပ်ချုပ်ရေးမှူး ဦးသိုက်ဝေဖြိုးနှင့် တာဝန်ရှိသူများ ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးသည်။

 

(၈၅)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်တွင် နှစ်စဉ်ကျင်းပခဲ့သော ဘုရားများရောင်တော်ဖွင့်ခြင်း၊ ပဋ္ဌာန်းရွက်ဖတ်ပူဇော်ခြင်း၊ ဆရာတော်၊ သံဃာတော်များအားဆွမ်းကပ်လှူခြင်းနှင့် ဘုရားဖူးဧည့်ပရိသတ်များအား ကျွေးမွေးလှူဒါန်းခြင်း၊ အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသထွက် သစ်သီးများ ဆပ်ကပ်ပူဇော်ပွဲနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲများဖြင့် စည်ကားစွာကျင်းပမည်ဖြစ်ကြောင်း  သမိုင်းဝင်ဆင်ဖြူတောင်စေတီတော် ဂေါပကအဖွဲ့ ဥက္ကဋ္ဌထံမှ သိရသည်။

 

“သမိုင်းဝင်ဆင်ဖြူတောင်စေတီတော်ကို ရှေးနှစ်ပေါင်း(၁၀ဝ)ကျော်မှ တည်ထားကိုးကွယ်ခဲ့ပြီး၊ ဗုဒ္ဓပူဇနိယပွဲတော်ကို ကျင်းပလာခဲ့တာ ယခုနှစ်ဆို(၈၅)ကြိမ်မြောက်ပြီးဖြစ်ကြောင်း၊ ဘုရားပွဲတော်ကို နှစ်စဉ်ကျင်းပမြဲအတိုင်း တန်းခူးလဆန်း(၈)ရက်ကနေတန်းခူးလပြည့်နေ့အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်၊ တန်းခူးလဆန်း(၈)ရက်နေ့မှာ ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲနှင့်အတူ ဆရာတော်၊ သံဃာတော် များအား ဆွမ်းကပ်လှူခြင်း၊ ဘုရားဖူးဧည့်ပရိသတ်များအား ကျွေးမွေးဧည့်ခံခြင်း၊ ပဋ္ဌာန်းရွတ် ဖတ်ပူဇော်ခြင်း၊ အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသထွက်သစ်သီးများလာရောက်ဆက်ကပ် ပူဇော်ခြင်း၊ တန်းခူးလပြည့်နေ့တွင် မြို့နယ်အတွင်းရှိ ဆရာတော်၊ သံဃာတော်များ၊ ဆရာကြီး၊ ဆရာလေးများကို သမိုင်းဝင်ဆင်ဖြူတောင်စေတီတော်တွင် ဒေသခံပြည်သူများ၊ ရပ်ဝေး၊ ရပ်နီးမှ ဘုရားဖူးဧည့်သည်များနှင့်အတူ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီးကို ကျင်းပသွားမှာ ဖြစ်သောကြောင့် ဘုရားဖူးဧည့်သည်များကို ဖိတ်ခေါ်ပါတယ်ဟု သမိုင်းဝင်ဆင်ဖြူတောင်စေတီတော် ဂေါပကအဖွဲ့ဝင် တစ်ဦးမှ ပြောသည်။

 

ယခုနှစ် ကျင်းပမည့် သမိုင်းဝင်ဆင်ဖြူတောင် ဗုဒ္ဓပူဇနိယပွဲတော်ကြီးတွင် ဇာတ်ပွဲများ၊ ဆပ်ကပ်ပွဲများမှ ကပြဖျော်ဖြေခြင်း၊ ချားရဟတ်များ၊ ပျော်ပွဲရွှင်ပွဲများနှင့် ဈေးဆိုင်ပေါင်းများစွာမှ ဒေသထွက်ပစ္စည်းများကို စည်ကားသိုက်မြိုက်စွာ ခင်းကျင်းရောင်းချပွဲကို တန်းခူးလဆန်း(၈)ရက်မှ တန်းခူးလပြည့်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

စိုးမိုး(ပြန်/ဆက်)

 

11