စစ်တွေ ၁၂ ဧပြီ
သံတွဲမြို့နယ် ဇလွန်ကျေးရွာ ဘုန်းတော်ကြီးကျောင်းအတွင်း၌ ယနေ့ နံနက် ၈နာရီက ကျင်းပသည့် ဇလွန်ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာ ၁၅ ရွာအားနိုင်ငံတော်ဓာတ်အားလိုင်းမှ (၂၄)နာရီ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခြင်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပသည်။
ရှေးဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ယခုအခါ ခေတ်စနစ်များ ကူးပြောင်းလာသည် နှင့်အမျှ လျှပ်စစ်မီး၊ လမ်းပန်းဆက်သွယ်ရေးနှင့် အခြေခံအဆောက်အဦများမှ အစဖွံ့ဖြိုးတိုးတက်လာပြီဖြစ်ကြောင်း၊ မိမိတို့ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း အခြေခံအဆောက်အဦများဖြစ်သည့် လမ်း၊ တံတား၊ လျှပ်စစ်မီး၊ ရေ စသည့်ကဏ္ဍများကို ဦးစားပေး ဆောက်ရွက်ခဲ့ပါကြောင်း၊ ထို့ကြောင့် ယနေ့အချိန်တွင် သိသာထင်သာသည့်တိုးတက်မှု အခြေအနေများကို အားလုံးသိရှိပြီးဖြစ်ပါကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း ယခုထက်ပိုမိုကြိုးစား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လျှပ်စစ်မီးအနေဖြင့်လည်း တစ်ပြည်နယ်လုံးအတိုင်းအတာဖြင့် မြို့နယ်အသီးသီးတွင်ရရှိ နေပြီဖြစ်ပါ ကြောင်း၊ မိမိတို့ ပြည်နယ်တွင် မြို့နယ်အပါအဝင် ကျေးရွာအားလုံး၏ ၅၀ ရာခိုင်နှုန်းလောက် မီးရရှိနေပြီဖြစ်ကြောင်း၊ ယခုရရှိသည့် လျှပ်စစ်မီးကို အကျိုးရှိရှိ၊ ထိထိရောက်ရောက်၊ စနစ်တကျ အသုံးချသွားမည်ဆိုပါက ပညာရေး၊ ကျန်းမာရေးကအစ ကောင်းမွန်သော တိုးတက်မှုများရရှိမည်ဟု ယုံကြည်ပါကြောင်း၊ ကျန်ရှိသည့် အနီးပတ်ဝန်းကျင်ကျေးရွာများကို လည်းဆက်လက်ပြီးမီးရရှိအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာဌာနများကလည်း ပြည်သူများကို လျှပ်စစ်မီး အန္တရာယ်နှင့် ပတ်သက်၍ အသိပညာပေးမှုများ ဆောင်ရွက်သွားရန်နှင့် ပြည်သူများကလည်း ပူးပေါင်းပါဝင်ပေးကြစေလိုကြောင်း၊ ယခုကဲ့သို့ လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ပေးခဲ့ကြသည့် နိုင်ငံတော်အစိုးရ၊ ဝန်ကြီးဌာနများနှင့် ဝိုင်းဝန်းဆောင်ရွက်ကြသူများ အားလုံးကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီး ဦးအောင်ကျော်ဇံက ဇလွန်ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာ (၁၅) ရွာအား နိုင်ငံတော်ဓာတ်အားလိုင်းမှ (၂၄)နာရီ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရေးအတွက် ဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ယင်းနောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းကြည်နှင့် ရပ်မိရပ်ဖတစ်ဦးတို့က ကျေးဇူးတင်စကားပြောကြားကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လျှပ်စစ်မီးဖွင့်ပွဲတွင် လာရောက်ဖြေဖျော်ပေးကြသည့် ဖျော်ဖြေရေး အဖွဲ့များကို ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ဇလွန်ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာ (၁၅) ရွာအား (၂၄)နာရီ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခြင်း ဖွင့်ပွဲမုခ်ဦးကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ဇလွန်ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာ (၁၅)ရွာအား (၂၄)နာရီ လျှပ်စစ်ဓာတ်အား စတင်ဖြန့်ဖြူးပေးသည့် လျှပ်စစ်မီးခလုတ်ကို ဖွင့်လှစ်ပေးသည်။
ဇလွန်ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာ (၁၅) ရွာအားနိုင်ငံတော်ဓာတ်အားစနစ်မှ (၂၄)နာရီ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေးအတွက် သံတွဲမြို့ ၆၆ ကေဗွီဓာတ်အားလိုင်း ၂၁ ဒသမ ၇ မိုင်၊ ၁၁/ဝ ဒသမ ၄ ကေဗွီထရန်စဖော်မာ ၁၈ လုံးတပ်ဆင်အင်အား ၁၉၂၀ ကေဗွီအေနှင့် ၄၀ဝ ဗို့ ဓာတ်အားလိုင်း ၁၀ ဒသမ ၈မိုင်အား တည်ဆောက်ပြီးစီးခဲ့သည့် အတွက်ကြောင့်ယနေ့ လျှပ်စစ်မီး ရရှိခြင်းဖွင့်ပွဲကို ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
သတင်းနှင့် ဓာတ်ပုံ- တင်ထွန်း(ပြန်/ဆက်)


