ကျောက်ထု ၁၃ ဧပြီ
ဂန့်ဂေါခရိုင် ကျောက်ထုဒေသတွင် ဆောင်းသီးနှံအဖြစ် ကြက်သွန်နီကို စိုက်ပျိုးကြရာ ရွှေဖလား ကြက်သွန်နီမျိုးကို စိုက်ပျိုးသူများပြားကြောင်း ကျောက်ထုမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ထိုသို့ စိုက်ပျိုးကြသူများအနက် မျိုးစေ့ထုတ်ရန် စိုက်ပျိုးကြသူများလည်းရှိရာ ကြက်သွန်နီမျိုးစေ့ပင်များ စတင်ရိတ်သိမ်းနေကြပြီဖြစ်သည်။ ကြက်သွန်နီကို နှစ်စဉ် ဒေသ၌ ဧက ၄၀ဝ ကျော် စိုက်ပျိုးလေ့ရှိကြပြီး မျိုးစေ့ ၄ ပြည်ကျ စိုက်ကွင်းအတွက် ကြက်သွန်နီဥ ပိဿာ ၇၀ဝ၀ ခန့် ထွက်ရှိနိုင်သည်ဟု သိရသည်။
“ကြက်သွန်နီစိုက်ပျိုးတာ အမြတ်အစွန်း ရရှိပါတယ်၊ ဈေးတက်၊ ဈေးကျ ရှိတတ်တာကြောင့် တစ်နှစ်နဲ့ တစ်နှစ် အမြတ်အစွန်းမတူတာတော့ ရှိနိုင်ပါတယ်၊ အခုနှစ် စိုက်ပျိုးမှုက တစ်ပိဿာထွက်အတွက် ငွေကျပ် ၃၀ဝ ဝန်းကျင် ကုန်ကျပါတယ်၊ ကြက်သွန်ဈေးက ဒေသဈေး ၈၀ဝ လောက်ရှိပါတယ်” ဟု တောင်သူတစ်ဦးက ပြောသည်။
ယခုရိတ်သိမ်းမည့် မျိုးစေ့များကို စနစ်တကျ သိုလှောင်ထိန်းသိမ်းထားရပြီး လာမည့်ဆောင်းရာသီတွင် ပြန်လည်စိုက်ပျိုးကြမည်ဖြစ်ကြောင်း၊ ထွက်ရှိသည့် ကြက်သွန်နီဥများကို ဒေသတွင် ဖြန့်ချိရောင်းချမှုသာမက ပခုက္ကူမြို့ ပွဲရုံများထံ တင်ပို့ဖြန့်ချိမှုများလည်း ပြုလုပ်ကြကြောင်း မြို့နယ်(ပြန်/ဆက်)ဌာနမှ သိရသည်။
MDN


