စဉ့်ကိုင် ၁၃ ဧပြီ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၏ ၂၀၁၉ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ဗိုလ်တေဇလမ်း ဗဟိုမဏ္ဍပ်၌ ကျင်းပရာ ကျောက်ဆည်ခရိုင် အုပ်ချုပ်ရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဗဟိုမဏ္ဍပ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် ကျောက်ဆည်ခရိုင် ယိမ်းအဖွဲ့မှ ဦးဆောင်၍ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ယိမ်းအဖွဲ့ (၁၂ )ဖွဲ့၊ အလှပြယာဉ်(၄)စီးတို့က မန်းတောင်ရိပ်ခိုသီချင်းဖြင့် တစ်ပျော်တစ်ပါး စုပေါင်းကပြ ဖျော်ဖြေခဲ့ကြသည်။ အဆိုပါဗဟိုမဏ္ဍပ်တွင် နေ့စဉ် နံနက်ပိုင်း၊ ညပိုင်း အလှည့်ကျ ဖျော်ဖြေပေးသွားမည်ဖြစ်ပြီး မည်သူမဆို လာရောက်ရေကစားနိုင်ကြောင်း သိရသည်။
၀င်း၀င်းသန်း(စဉ့်ကိုင်)


