ဟားခါး ၁၃ ဧပြီ
၁၃၈၀ ပြည့်နှစ်၊ မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဧပြီလ ၁၃ ရက် မွန်းလွဲ ၂ နာရီက ဟားခါးမြို့၊ ခရိုင်စုပေါင်းရုံးရှေ့ ချင်းပြည်နယ်အစိုးရအဖွဲ့ ဗဟိုမဏ္ဍပ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပရာ အခမ်းအနားသို့ ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်နှင့် ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲ၊ ပြည်နယ်အဆင့်အဖွဲ့အစည်းဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ယိမ်းအဖွဲ့များ တက်ရောက်ကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်က မြန်မာ့ရိုးရာ နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော် ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲနှင့် ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်တို့က မြန်မာ့ရိုးရာ နှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ယိမ်းအဖွဲ့များက မဟာသင်္ကြန်ပွဲတော်အား “မြနန္ဒာ” သီချင်းဖြင့် စုပေါင်းညီညာစွာ ကပြဖျော်ဖြေကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ယိမ်းအဖွဲ့များနှင့် ဧည့်ပရိသတ်များအား နံ့သာရည်၊ သပြေခက်များဖြင့် အတာရေပက်ဖျန်းပေးခဲ့ကြသည်။ ယင်းနောက်ယိမ်းအဖွဲ့များက သင်္ကြန်အကများဖြင့် ဆက်လက်ဖျော်ဖြေ တင်ဆက်ကြသည်။
ချင်းပြည်နယ်၊ မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်တွင် ယိမ်းအဖွဲ့ (၁၂) ဖွဲ့က ယနေ့မှစ၍ မဟာသင်္ကြန်အတက်နေ့ ဧပြီလ (၁၆) ရက်နေ့အထိ နေ့စဉ်ဆက်လက် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ပြီး စင်တင် တေးဂီတ အစီအစဉ်များကိုလည်း ညစဉ်ဖျော်ဖြေ တင်ဆက်သွားမည်ဖြစ်ကြောင်း ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ သိရသည်။
MDN


