မြစ်ကြီးနား ၁၃ ဧပြီ

 

မြန်မာသက္ကရာဇ် ၁၃၈၀ ခုနှစ် ကချင်ပြည်နယ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့(တန်ခူးလဆန်း ၉ ရက်)  သင်္ကြန်အကြိုနေ့ ညနေ ၄ နာရီတွင် မြစ်ကြီးနားမြို့  ဆွမ်ပရာဘွမ်လမ်းမပေါ်ရှိ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

 

mdn

 

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ကချင်ပြည်နယ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ဖွင့်လှစ်ကြောင်း ကြေညာပြီး ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းထွန်း၊ စည်ပင်သာယာရေးဝန်ကြီး ဦးနော်လီ(ခ)ဇခေါင်ခမ်းရယ်နှင့် လူမှုရေးဝန်ကြီးဦးနေဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

 

mdn

 

ယင်းနောက် သင်္ကြန်ယိမ်းအဖွဲ့များက “နှစ်သစ်ခွန်းဆင့်” တေးသီချင်းဖြင့် စုပေါင်းကပြဖျော်ဖြေကြပြီး  ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါက်တာဂျေကော့ဘူ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများက နံသာရည်သပြေခက်ဖြင့် အတာရေ ပက်ဖျန်းပေးကြသည်။ ထို့နောက် မြန်မာ့ရိုးရာသင်္ကြန်တေးသီချင်းများနှင့် ယိမ်းအဖွဲ့များ၏ အကအလှများ၊ နာမည်ကျော် တေးသံရှင်တို့၏ ခေတ်ပေါ်တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

 

မြစ်ကြီးနားဗဟိုမဏ္ဍပ်၌ ညပိုင်းတွင်လည်း သံချပ်ပြိုင်ပွဲများ၊ ကိုယ်ပိုင်သံစဉ်စာသား၊ CD ဖြင့် ယိမ်းအကအလှပြိုင်ပွဲများကို နေ့စဉ် ညပိုင်းတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သတင်းရရှိသည်။

 

MDN

 

mdn