နေပြည်တော် ၁၃  ဧပြီ

 

မြန်မာသက္ကရာဇ် ၁၃၈၀ ပြည့်နှစ် မှ ၁၃၈၁ သို့ ကူးပြောင်းသည့် မဟာအတာသင်္ကြန်ပွဲတော် နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေ ၅ နာရီတွင် နေပြည်တော် မြို့တော်ခန်းမရှေ့ရှိ အဆိုပါမဏ္ဍပ်၌ ကျင်းပရာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် ဇနီး ဒေါက်တာရွှေလွှမ်းတို့ တက်ရောက် အားပေးချီးမြှင့်သည်။

 

1

 

ဖွင့်ပွဲအခမ်းအနားတွင် နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်က နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား ပြောကြားသည်။

 

1

 

ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် မြို့တော်ဝန် ဒေါက်တာမျိုးအောင်တို့က နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

 

1

 

ဆက်လက်၍ ဒုတိယသမ္မတနှင့်ဇနီး၊ ပြည်ထောင်စုရွှေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနှင့် ဇနီးဒေါ်အေးသီတာ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ နေပြည်တော် မြို့တော်ဝန်နှင့် ဇနီးတို့က ယိမ်းအကအဖွဲ့များအား အတာသင်္ကြန်ရေဖြင့် ပက်ဖျန်း ပေးကြသည်။

 

ယင်းနောက် မြန်မာ့အသံခေတ်ပေါ် တေးဂီတအဖွဲ့နှင့်အတူ ဝန်ကြီးဌာနများမှ ယိမ်းအဖွဲ့များ၊ နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ မြို့နယ်များမှ ယိမ်းအဖွဲ့များက မြူမှောင်ဝေကင်း သီချင်းဖြင့်တွဲဖက်၍ ကပြဖျော်ဖြေကြသည်။

 

ဆက်လက်၍ တေးသံရှင်များ၊ အနုပညာရှင်များနှင့် ယိမ်းအဖွဲ့များက အဆိုအကများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

 

နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်တွင် မဟာသင်္ကြန်ကာလအတွင်း အနုပညာရှင်များ၊ တေးသံရှင်များနှင့် ယိမ်းအကအဖွဲ့များက ခေတ်ပေါ်တေးဂီတများ၊ ယိမ်းအကများဖြင့် ကပြဖျော်ဖြေ တင်ဆက်ကြမည်ဖြစ်ပြီး သင်္ကြန်ချစ်သူများနှင့် ရေကစားကြသူများအား မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်ရှေ့ရှိ စတုဒီသာမဏ္ဍပ်၌ အကျွေးအမွေးများဖြင့် ဧည့်ခံကျွေးမွေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်)    

 

1