နေပြည်တော် ၁၃ ဧပြီ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဖောင်တော်ဦး ဗုဒ္ဓရုပ်ပွားတော်များ ကိန်းဝပ်စံပယ်ရာ ဂန္ဓကုဋိတိုက်၌ တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစု များစုပေါင်းလှူဒါန်းသည့် ဖန်စေတီတော်တပ်ဆင်လှူဒါန်း ပူဇော်ခြင်းနှင့် ရေစက်ချ အလှူတော်မင်္ဂလာအခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် ဖောင်တော်ဦး မြတ်စွာဘုရား ရတနာစံကျောင်းတော်ကြီး၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဒုတိယဥက္ကဋ္ဌ၊ ညောင်ရွှေ မြို့နယ်၊ မိုင်းသောက် ပထမ စာသင်တိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ၊ ဘဒ္ဒန္တ သုမင်္ဂလာဘိဝံသ အမှူးပြုသော ဆရာတော် သံဃာတော်များ ကြွရောက်ချီးမြှင့် တော်မူကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ)ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်ဇနီး၊ ကာကွယ် ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်နှင့်ဇနီး၊ ဖိတ်ကြားထားသည့်ဧည့်သည် တော်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့က အင်းလေး ဖောင်တော်ဦး ဗုဒ္ဓရုပ်ပွားတော်များအား မြသပိတ်ဆွမ်းတော်၊ ပန်း၊ ရေချမ်းနှင့် သစ်သီးများ ကပ်လှူပူဇော်သည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ အခမ်းအနား တက်ရောက် လာကြသူများသည် မိုင်းသောက်ဆရာတော် ကြီးထံမှ ငါးပါးသီလခံယူ ဆောက်တည် ကြပြီး ဆရာတော် သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူကြသည့် ပရိတ်တရား တော်များအား နာယူကြသည်။
ထို့နောက် မိုင်းသောက်ပထမစာသင်တိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ ဘဒ္ဒန္တ သုမင်္ဂလာ ဘိဝံသ က သြဝါဒစကားမြွက်ကြားသည်။ ယင်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ တပ်မတော်အရာရှိကြီးများနှင့် အခမ်းအနားတက်ရောက် လာကြသူများက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူ ဒါန်းကြသည်။
ထို့နောက် အင်းလေးဒေသ အင်းလျားကျောင်းဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တဓမ္မဝရ ဆရာတော်ထံမှ အနုမောဒနာတရားနာယူပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။ ယင်းနောက် မိုင်းသောက်ပထမစာသင်တိုက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ ဘဒ္ဒန္တ သုမင်္ဂလာ ဘိဝံသ အမှူးပြုသောဆရာတော် သံဃာတော်များက စက်ခလုပ်နှိပ်၍ ဖန်စေတီတော်မြတ်အား ဖောင်တော်ဦးရုပ်ရှင် တော်မြတ်ကြီးဘုရားသို့ပူဇော်ကြသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ တပ်မတော်အရာရှိကြီး များသည် ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများမှ လှူဒါန်းသည့် အင်းလေး ဖောင်တော်ဦး ဗုဒ္ဓရုပ်ပွားတော်များ ကိန်းဝပ်စံပယ်ရာ ဂန္ဓကုဋိတိုက်၌ တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများစုပေါင်းလှူဒါန်းသည့် ဖန်စေတီ တော်သည် အချင်း ၄ ပေ ၈ လက်မ၊ အမြင့် ၃ ပေ၊ ၂ ဒသမ ၅လက်မ၊ အထူ ၁ လက်မရှိကြောင်း သိရသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အင်းလေးဒေသရှိ ရပ်မိရပ်ဖ များနှင့်တွေ့ဆုံ၍ အင်းလေးကန်ရေရှည်တည်တံ့ပြီးစိမ်းလန်းစိုပြေရေး၊ အင်းလေး ကန်အား ပလတ်စတစ်ကင်းမဲ့ဇုန် အဖြစ်သတ်မှတ်သင့်မှုနှင့် ကန်အတွင်းမှ ဗေဒါပင်များ ဆယ်ယူရေးအတွက် စက်ယန္တရားများတိုးချဲ့နိုင်ရေး၊ ဗေဒါပင်များမှ သဘာဝမြေသြဇာ ထုတ်လုပ်ပြီး စိုက်ပျိုးရေးလုပ်ငန်းသုံး ပိုးသတ်ဆေးနှင့် ဓာတ်မြေသြဇာလျှော့ချရေး ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။
(သတင်းစဉ်)


