မကွေး ၁၄ ဧပြီ
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ရှိ အတာသင်္ကြန်ချစ်သူပြည်သူများ ယနေ့ သင်္ကြန်အကျနေ့ ဧပြီ ၁၄ ရက်၊ နံနက်ပိုင်းက စတင်၍ မြို့ပေါ်ရှိ ဗဟိုမဏ္ဍပ်အပါအဝင် ရပ်ကွက်မဏ္ဍပ်များနှင့် လမ်းလျှောက်သင်္ကြန်ပွဲတော်တွင် အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။
မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ဗဟိုမဏ္ဍပ်နှင့် ရပ်ကွက်များရှိ မဏ္ဍပ်များတွင် ယိမ်းအဖွဲ့များ၊ တေးသံရှင်များက သီဆိုဖျော်ဖြေခြင်း၊ စေတနာရှင်များက စတုဒိသာများဖြင့် ဧည့်ခံကျွေးမွေးခြင်းများအပြင် သင်္ကြန်ချစ်ပြည်သူများ အေးချမ်းစွာပျော်ရွှင်စွာ ရေသဘင်ပွဲတော်အား ပါဝင်ဆင်နွှဲနိုင်ရန် စည်းကမ်းထိန်းသိမ်းရေး ကော်မတီများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့များက လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိသည်။
မကွေးမြို့ပေါ်တွင် ဗဟိုမဏ္ဍပ် တစ်ခု၊ ရပ်ကွက်ရေကစားမဏ္ဍပ် ရှစ်ခုရှိရာ ဗဟိုမဏ္ဍပ်တွင် ရပ်ကွက်များမှ သင်္ကြန်ယိမ်းအဖွဲ့ ၁၄ ဖွဲ့က အလှည့်ကျဖျော်ဖြေပေးလျက်ရှိပြီး လမ်းလျှောက်သင်္ကြန်ကို ကမ်းနားလမ်းတစ်လျှောက် မဲထီးလမ်းထိပ်မှ ကျောက်သားဥယျာဉ်ထိ ပါဝင်ဆင်နွှဲလျက်ရှိကြောင်းနှင့် မြန်မာ့ရိုးရာနှစ်သစ်ကူး လမ်းလျှောက်သင်္ကြန်ပွဲတော်တွင် ဖုန်းဖြင့်ရိုက်ကူးထားသည့် အလှဓာတ်ပုံပြိုင်ပွဲကိုလည်း ပါဝင်ယှဉ်ပြိုင်စေပြီး ဆုရရှိသူများကို ယခုလ ၃၀ ရက်တွင် ဆုချီးမြှင့်ပေးသွားမည်ဖြစ်သည်။
ဝေဖြိုးလေး(ပြန်/ဆက်)


