ဘားအံ ၁၄ ဧပြီ

 


မြန်မာသက္ကရာဇ် ၁၃၈၀ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို နိုင်ငံအနှံအပြား၌ ခြိမ့်ခြိမ့်သဲကျင်းပလျက်ရှိရာ ဧပြီ ၁၄ ရက် မဟာသင်္ကြန်အကျနေ့တွင် ဘားအံမြို့ပေါ်ရပ်ကွက်များနှင့် ကမ်းနားလမ်းတစ်လျှောက်ရှိ ရေကစားမဏ္ဍပ် ၂၈ ခုတို့တွင် သင်္ကြန်ရေကစားသူများ၊ ရေပက်ခံထွက်သူများဖြင့် စည်ကားလျက်ရှိသည်။

 

d

 

ယခုနှစ်ဘားအံသင်္ကြန်သည် ယခင်နှစ်များနှင့်မတူ ရေကစားမဏ္ဍပ်အရေအတွက်အားဖြင့် မဏ္ဍပ် ၁၀ ခုခန့် တိုးလာသည်နှင့်အမျှ မော်တော်ဆိုင်ကယ်၊ ကား၊ သုံးဘီးဆိုင်ကယ် အစရှိသည့် ယာဉ်အမျိုးမျိုးကို အသုံးပြု၍ ရေပက်ခံ ရေကစားကြသူများ၊ သင်္ကြန်ယိမ်းအကများ၊ တေးသီချင်းများဖြင့် ကပြသီဆိုဧည့်ခံဖျော်ဖြေသူများဖြင့် ပိုမိုစည်ကားနေသကဲ့သို့ ဘားအံမြို့နယ် အနီးပတ်ဝန်းကျင်ဒေသများမှ လာရောက်ပျော်ရွှင်ဆင်နွှဲကြသည့် သင်္ကြန်ချစ်သူပြည်သူများဖြင့် မဏ္ဍပ်များရှေ့တွင် အထူးစည်ကားလျက်ရှိသည်ကို မြင်တွေ့ရသည်။

 

d

 

ထို့အတူ မွန်းလွဲပိုင်း အပူလွန်ကဲချိန်တွင် ပူပြင်းသည့်နေရောင်ခြည်အောက်၌ ရေကစားကြသူများသည်  ဘားအံမြို့နှင့် အနီးပတ်ဝန်းကျင်ဒေသများရှိ ဗုဒ္ဓဥယျာဉ်၊ ဘုရင်ညီဂူ၊ ရသေ့ပျံဂူ၊ ကော့ဂွန်းဂူ၊ ကျောက်ကလပ်၊ ရေတံခွန်၊ ကော့ကသောင်ဂူ၊ ဆန္ဒန်ဂူ၊ ချစ်သူ့မြိုင် အပန်းဖြေဥယာဉ်တို့တွင် သွားရောက်နားခို အပန်းဖြေကြရာ အဆိုပါနေရာများတွင် ရေပက်ခံလာရောက်ကြသူများ၊ မုန့်လုံးရေပေါ်၊ မုန့်လက်ဆောင်း၊ ရွှေရင်အေး၊ သင်္ကြန်ထမင်း အစရှိသည့် အကျွေးအမွေးတို့ဖြင့် စတုဒိသာကုသိုလ်ပြုကြသူများဖြင့် စည်ကားလျက်ရှိသည်။

 

d

 

ယခုနှစ် သင်္ကြန်ကာလတွင် အများပြည်သူအန္တရာယ်ကင်းစွာဖြင့် ပျော်ရွှင်စွာရေကစားနိုင်စေရန်၊ မှုခင်းလျော့နည်းကျဆင်းစေရန်၊ ယဉ်အန္တရာယ်ဖြစ်ပွားမှုမရှိစေရန်နှင့် သွားလာမှုလွယ်ကူစေရန်တို့အတွက် ရဲတပ်ဖွဲ့ဝင်များနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

 


စောမျိုးမင်းသိန်း(ပြန်/ဆက်)