နေပြည်တော် ၁၄ ဧပြီ
တပ်မတော်လုံခြုံရေးစစ်ကြောင်းများက ယမန်နေ့ မွန်းလွဲပိုင်းတွင် AA အဖွဲ့များ၏ သင်တန်းကျောင်းနှင့် စခန်းများအား သိမ်းပိုက်ရရှိပြီး လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ပန်းမြောင်ကျေးရွာအနီး ပတ်ဝန်းကျင် တောင်ကြောများ၌ AA အဖွဲ့၏ သင်တန်းကျောင်းနှင့် စခန်းများရှိပြီး ၎င်းနေရာမှ မြောက်ဦးမြို့နှင့် အနီးပတ်ဝန်းကျင် ကျေးရွာများအား ခြိမ်းခြောက် အကြပ်ကိုင် စိုးမိုးမှုများ မကြာခဏ ပြုလုပ်လျက်ရှိသဖြင့် တည်ငြိမ်အေးချမ်းစွာနေ ထိုင်လိုကြသည့် ဒေသခံများက တပ်မတော်လုံခြုံရေး စစ်ကြောင်းများထံသို့ ၎င်းတို့၏ တည်နေရာများအား သတင်းပေးပို့ တိုင်ကြားလာခဲ့ကြသည်။
သို့အတွက် တပ်မတော်လုံခြုံရေး စစ်ကြောင်းများက အထက်ပါနေရာတစ်ဝိုက်အား မတ် ၁၉ ရက်မှစတင်၍ အဆင့်ဆင့်ခြေကုပ်ယူ ချဉ်းကပ်တိုက်ခိုက်ခဲ့ရာ AA အဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ အကြိမ် ၂၀ ခန့်ဖြစ်ပွားခဲ့ကာ ဧပြီ ၁၃ ရက်မွန်းလွဲ ၂ နာရီ ၃၅ မိနစ်ခန့်တွင် ယာယီလေ့ကျင့်ရေး သင်တန်းကျောင်း နေရာ ၁ ခုအား သိမ်းပိုက်ရရှိခဲ့ပြီး ၄င်းအဖွဲ့များသည် အနောက်တောင်နှင့် အနောက်မြောက်ဘက်သို့ ဆုတ်ခွာထွက် ပြေးသွားခဲ့သည်။
အလားတူ မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့်အတူ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဝင်ရောက်ရှာဖွေမှုများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် ကိုလပြည့်၏ နေအိမ်ခြံဝင်းအတွင်းမှ ကျည်အိမ် ၃ ခု၊ ကျည် ၂၀၃ တောင့်နှင့် ဆက်စပ်ပစ္စည်းများအား လည်းကောင်း၊ ယနေ့မွန်းလွဲပိုင်းတွင် ကိုလပြည့်၏ အစ်ကိုဖြစ်သူ ဦးမောင်ဦးကျော်၏နေအိမ်မှ လက်ပစ်ဗုံး ၁၀ လုံးအား လည်းကောင်း သိမ်းဆည်းရမိခဲ့သည်။
သို့ဖြစ်ရာ မြောက်ဦးမြို့နှင့် အနီးပတ်ဝန်းကျင်တစ်ဝိုက်အား ခြိမ်းခြောက်နေသည့် AA အဖွဲ့များ၏ သင်တန်းကျောင်းနေရာနှင့် စခန်းကုန်းများအား မောင်းထုတ်ရှင်းလင်း သိမ်းပိုက်ရရှိခဲ့ပြီး အနီးပတ်ဝန်းကျင် တစ်ဝိုက်အား တပ်မတော် လုံခြုံရေးစစ်ကြောင်းများက နယ်မြေစိုးမိုးရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး သတင်းထုတ်ပြန်ချက်အရ သိရသည်။
(သတင်းစဉ်)


