တာချီလိတ် ၁၄ ဧပြီ
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် သင်္ကြန်အကျနေ့ ယနေ့ ဧပြီ ၁၄ ရက်တွင် မဟာအတာသင်္ကြန် ရေသဘင်ပွဲတော်အား ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ရေကစားလျက်ရှိကြောင်း သိရသည်။
တာချီလိတ်မြို့ဗဟိုမဏ္ဍပ်တွင် ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့၊ ရပ်ကွက်များနှင့် လူမှုရေးအသင်းအဖွဲ့များမှ သင်္ကြန်ယိမ်းအဖွဲ့ ၁၇ ဖွဲ့တို့က နေ့ရက်အလိုက် ပါဝင်ယှဉ်ပြိုင်လျက်ရှိပြီး သင်္ကြန်မယ် ရွေးချယ်ခြင်းနှင့်အတူ တေးသံရှင်များက ဖျော်ဖြေဧည့်ခံလျက်ရှိသည်။
ယင်း ဗဟိုမဏ္ဍပ်ဖွင့်ပွဲကို ယမန်နေ့ညနေပိုင်းက ကျင်းပပြုလုပ်ရာ ခရိုင်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင် က အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဝင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်၊ စစ်ဗျူဟာအဖွဲ့ (အခြေချ) တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အေးမင်းဦး၊ မြို့မိမြို့ဖဦးကြည်မြင့်၊ ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ပိုင်နှင့် လာအိုနိုင်ငံ၊ ဘော်ကျောက်ခရိုင်မှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
တာချီလိတ်မြို့နယ်တွင် ပုန်းထွန်ရေချောင်း၊ မယ်ဟုတ်ရေချောင်း၊ တာလေမြို့၊ မိုင်းလင်း (အရှေ့) ကျေးရွာ အုပ်စု၊ နမ့်မွေချောင်းတို့တွင် ဒေသခံပြည်သူများနှင့် အနယ်နယ်အရပ်ရပ်မှ လာရောက်အပန်းဖြေ အနားယူသူများ၊ စိတ်အေးချမ်းမြေ့ ပျော်ရွှင်စွာ ရေကစားသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ဝေယံလင်း(ပြန်/ဆက်)


