ရန်ကုန် ၁၄  ဧပြီ

 

ယနေ့ မဟာသင်္ကြန်အကျနေ့တွင် ရန်ကုန်မြို့တော် ဗဟိုမဏ္ဍပ်၌ ပြည်သူချစ်သော အနုပညာရှင်များ၏ ဖျော်ဖြေတက်ဆက်မှုများ၊ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု တေးသီချင်းများဖြင့် သီဆိုယှဉ်ပြိုင် ဖျော်ဖြေတင်ဆက်မှုများကို လာရောက် ကြည့်ရှုအားပေးသူများ၊ ရေလောင်းရေပက်သူများ၊ ရေပက်ခံကားများဖြင့် စည်ကားလျက်ရှိနေပြီး ဗဟိုမဏ္ဍပ်အနီးရှိ မဟာဗန္ဓုလပန်းခြံ လမ်းလျောက်သင်္ကြန်တွင်လည်း လာရောက်ရေကစားသူများဖြင့် ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိနေသည်။

 

ရန်ကုန်မြို့ ပြည်လမ်းတစ်လျှောက်ရှိ ရေကစားမဏ္ဍပ်ကြီးများတွင် ရေပက်သူများဖြင့် စည်ကားလျက်ရှိပြီး အင်းလျားကန်ဘောင်ရှိ လမ်းလျှောက်သင်္ကြန်နှင့် အင်းလျားလမ်း မြန်မာ့ရိုးရာ တိုင်းရင်းသားလမ်းလျှောက် အတာသင်္ကြန်၊ မြကျွန်းသာ လမ်းလျှောက်သင်္ကြန်တို့တွင်လည်း လာရောက်ရေကစားသူများဖြင့် စည်ကားလျက်ရှိ နေသကဲ့သို့ ရန်ကုန်မြို့၏ နေရာအနှံ့တွင် စတုဒီသာအကျွေးအမွေးများ၊ ပျော်ရွှင်စွာဖြင့် ရေလောင်း၊ ရေပက်ကစားကြသူများနှင့် မြန်မာ့ရိုးရာအတာသင်္ကြန်ကို အေးချမ်းပျော်ရွှင်စွာဖြင့် ဆင်နွှဲလျက်ရှိသည်။

 

သုဝဏ္ဏနေ ကိုထွန်းထွန်းက “မိသားစုနဲ့ အင်းလျားလမ်းလမ်းလျှောက် သင်္ကြန်ကို လာတာပါ။ လမ်းလျှောက်သင်္ကြန်တွေက ရန်ကုန်မြို့မှာ ငါးနေရာလောက်ရှိတယ်။ အင်းလျားလမ်း လမ်းလျှောက် သင်္ကြန်ကတော့ တော်တော် စည်တယ်။ လူတွေများတော့ မနည်းတိုးသွားနေရတယ်။ ဖျော်ဖြေရေးမဏ္ဍပ်မှာလည်း နာမည်ကြီးအဆိုတော် တွေလာကြတယ် ’’ ဟု ပြောသည်။

 

ထို့အတူ ဗဟန်း၊ ရန်ကင်း၊ လသာ၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ ဗိုလ်တထောင်၊ သင်္ဃန်းကျွန်း၊ ကမာရွတ်မြို့နယ် တို့တွင်လည်း ရေကစားမဏ္ဍပ်များတွင် ရေလောင်း ရေပက်သူများ၊ ရေပက်ခံကားများဖြင့် စည်ကားလျက်ရှိသည်။

 

mdn

 

ကျောက်တံတားမြို့နယ် သျှိုင်းရေကစားမဏ္ဍပ်၊ လသာမြို့နယ် ၁၉ လမ်းရှိ SKY NET ရေကစားမဏ္ဍပ်၊ ဗိုလ်တထောင်မြို့နယ် ၄၃ လမ်းအနီးရှိ ဗိုလ်တထောင် မိသားစု ရေကစားမဏ္ဍပ်နှင့် ကျွန်းတောလမ်းရှိ DR Z မိသားစုရေကစားမဏ္ဍပ်တို့တွင် ရေကစားခြင်းနှင့်အတူ စတုဒိသာကျွေးမွေး လှူဒါန်းလျက်ရှိပြီး သင်္ကြန်အတက်နေ့အထိ ကျွေးမွေးလှူဒါန်းမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အဆိုပါ မဏ္ဍပ်တာဝန်ခံများမှတစ်ဆင့် သိရသည်။

 

ဗိုလ်တထောင်မိသားစု ရေကစားမဏ္ဍပ်မှ ဒေါက်တာ သာဉာဏ်က “ဒီမဏ္ဍပ်က နှစ်တိုင်းလုပ်ဖြစ်တာ ၁၂ နှစ်လောက်ရှိပြီ။ မြို့နယ်မှာရပ်ကွက် ၁၀ ခုရှိတယ်။ အကြိုနေ့ကစပြီး သင်္ကြန်အတက်နေ့အထိ စတုဒိသာကျွေးမွေး လှူဒါန်းသွားမှာဖြစ်ပါတယ်။ သင်္ကြန်ဆို လူတိုင်းက ပျော်နေကြတယ်။ တစ်နှစ်ထက်တစ်နှစ် ပိုပြီးစည်ကားအောင် လုပ်နေပါတယ်’’ ဟုပြောသည်။

 

mdn

 

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သာကေတ၊ ဒေါပုံ၊  သင်္ဃန်းကျွန်း၊ ဒဂုံမြို့သစ် မြောက်ပိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ဒဂုံဆိပ်ကမ်း၊ လှိုင်သာယာနှင့် ရွှေပြည်သာအစရှိသည့် မြို့နယ်များတွင်လည် မိသားစုအုန်းလက်ရေကစား မဏ္ဍပ်များဖြင့် ရေပက်ကစားလျက်ရှိသည်ကို တွေ့ရသကဲ့သို့ သန်လျင်မြို့နယ်ရှိ လမ်းတစ်လျောက်တွင်လည်း ရေကစားသူများ၊ စတုဒီသာကျွေးမွေးသူများဖြင့် စည်ကားလျက်ရှိနေသည်။

 

ဒဂုံမြို့သစ်မြောက်ပိုင်းနေ ကိုမော်ကြီးက “ဒီနေ့တော့ ကိုယ်မြို့နယ်ထဲမှာပဲ လျောက်လည်လိုက်တယ်။ ရေကစားမဏ္ဍပ် အကြီးကြီးတွေတော့ မတွေ့ရဘူး။ မိသားစု အုန်းလက်မဏ္ဍပ်လေးတွေကတော့ နေရာတိုင်းတွေ့ရတယ်။ သူအတိုင်းတာနဲ့သူ တော့စည်ပါတယ်။ အကြတ်နေ့ကျမှပဲ မိသားစုနဲ့ မြို့ထဲလျှောက်လည်တော့မယ် ’’ ဟု ပြောသည်။

 

သတင်း..ရဲခေါင်၊ မင်းသစ်၊

ဓာတ်ပုံ..ဇော်မင်းလတ်၊ ရဲထွဋ်

 

mdn