မန္တလေး ၁၄  ဧပြီ

 

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် ဇနီး ဒေါက်တာ ရွှေလွှမ်းတို့သည် သင်္ကြန်အကျနေ့ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့တော် မဟာသင်္ကြန် မဏ္ဍပ်သို့ ရောက်ရှိပြီး မြန်မာ့ရိုးရာ မဟာသင်္ကြန်အတာ ရေသဘင်ပွဲတော်တွင် ပါဝင် ဆင်နွှဲကြသည်။

 

1

 

ရှေးဦးစွာ ဒုတိယသမ္မတနှင့် ဇနီးတို့သည် မန္တလေးမြို့တော်မဟာ သင်္ကြန်မဏ္ဍပ်သို့ ရောက်ရှိကြရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် ဇနီး ဒေါက်တာယုယုမေတို့က သပြေခက်ဖြင့် အတာရေပက်ဖျန်းပြီး ကြိုဆိုနှုတ်ဆက်ကြသည်။

 

1

 

ထို့နောက် ဒုတိယသမ္မတနှင့် ဇနီးတို့သည် ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၄င်းတို့၏ဇနီးများ၊ ယိမ်းအကအဖွဲ့များ၊ ဧည့်ပရိသတ်များ အား သပြေခက်ဖြင့် အတာရေ လိုက်လံပက်ဖြန်းကြပြီး အတာသင်္ကြန်ပွဲတော် ဆင်နွှဲကြသော ပရိသတ်များအား နှစ်သစ်ကူးဆုတောင်းမေတ္တာပို့သပြီး တေးသံရှင်များ၏ သီဆိုဖျော်ဖြေမှုများနှင့် ယိမ်းအကအဖွဲ့များ၏ ဖျော်ဖြေမှုများအား ကြည့်ရှုအားပေးသည်။

 

1

 

ဆက်လက်၍ ဒုတိယသမ္မတနှင့်ဇနီးတို့သည် ကျုံးတောင်ဘက်ခြမ်းတွင် ကျင်းပလျက်ရှိသည့် လမ်းလျှောက် သင်္ကြန်ပွဲတော်သို့ လာရောက်လည်ပတ် ရေကစားကြသည့် သင်္ကြန်ချစ်သူ ပြည်သူများအား ရင်းနှီးစွာနှုတ်ဆက်၍ အမျိုသားဒီမိုကရေစီ အဖွဲ့ချုပ်ရေကစားမဏ္ဍပ်၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း၏ ရေကစားမဏ္ဍပ်၊ မန္တလေးအခြေစိုက် တိုင်းရင်းသား လူမျိုးစုများ၏ စတုဒိသာမဏ္ဍပ်များ၊ ရေကစားမဏ္ဍပ်များကို လိုက်လံကြည့်ရှု အားပေးခဲ့ပြီး တိုင်းရင်းသားလူမျိုးစုများ၏ ရိုးရာယဉ်ကျေးမှု အကအလှများကို ကြည့်ရှုအားပေး၍ မန္တလေးလမ်းလျှောက်သင်္ကြန်အား ပါဝင်ဆင်နွှဲသည်။

 

1

 

ညနေပိုင်းတွင် ဒုတိယသမ္မတနှင့် ဇနီးသည် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ လိုက်ပါလျက် ကျုံးတောင်ဘက် ၂၆ လမ်းနှင့် ၇၁ လမ်းထောင့်ရှိ နန်းမြို့သူ ရေကစားမဏ္ဍပ်နှင့် မဟာအောင်မြေမြို့နယ် မနော်ရမံ္မကွင်းရှိ တိုင်းရင်းသားသွေးချင်းများ၏ စုပေါင်းမဟာသင်္ကြန်မဏ္ဍပ်များသို့ သွားရောက်၍ တိုင်းရင်းသားများ၏ သီဆိုဖျော်ဖြေမှုများ၊ သံချပ်အသင်းများ၏ ပြိုင်ပွဲဝင်မှုများကို အားပေးကြည့်ရှုသည်။

 

ထို့နောက် ကျုံးအရှေ့ဘက်ခြမ်းရှိ တောသင်္ကြန်နေ့ညဈေးရောင်းပွဲတော်သို့ သွားရောက်ကြည့်ရှုခဲ့အားပေးခဲ့သည်။

 

(သတင်းစဉ်)

 

1