မိုးညှင်း ၁၅ ဧပြီ
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့ရှိ အဓိကလမ်းမကြီးများတွင် အပါအဝင်ဖြစ်သည့် မီးရထားဘူတာရုံမှ မိုးညှင်းဒီဂရီကောလိပ်သို့ သွားရာလမ်းပေါ်တွင် ဆောက်လုပ်ထားရှိသည့် လမ်းလျှောက်သင်္ကြန်တွင် ပထမနေ့များထက် လာရောက်လည်ပတ်သူ၊ ရေပက်ကစားကြသူများ ပိုမိုများပြားလျက်ရှိကြောင်း သိရသည်။
အဆိုပါလမ်းလျှောက်သင်္ကြန်ကို မိုးညှင်းဒေသထွက် ဝါးခမောက်များကို အလှဆင်ချိတ်ဆွဲထား၍ မြို့နယ်အတွင်းရှိ CSOs အဖွဲ့အစည်းများ စုပေါင်းအားဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်။ လမ်းလျှောက်သင်္ကြန်ပွဲတော်အတွင်း စတုဒိသာအလှူများကို တစ်ဦးချင်း အလှူရှင်များ၊ စုပေါင်း အလှူရှင်များကလည်း အချိုရည်များ၊ သာကူဖျော်၊ မုန့်လုံးရေပေါ်၊ မုန့်လက်ဆောင်းများကို လာရောက်လည်ပတ်သူများနှင့် ရေပက်ကစားကြသူများကို ဝေငှပေးခဲ့ကြပြီး ဖျော်ဖြေရေးအကများ၊ ရှမ်းတိုင်းရင်းသားရိုးရာ အကများ ကပြဖျော်ဖြေလျက်ရှိသည်။
အလားတူ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၏ ဦးဆောင်စီစဉ်မှုဖြင့် မြို့နယ်ဗဟိုမဏ္ဍပ်တွင် ရပ်ကွက်အလိုက် ယိမ်းအဖွဲ့များ၏ ကပြဖျော်ဖြေမှုများ၊ ရေပက်ခံကားများနှင့် ရေပက်ခံသူများနှင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)


