ရန်ကုန် ၁၅ ဧပြီ
၁၃၈၀ ပြည့်နှစ် မဟာသင်္ကြန်ရေ သဘင်ပွဲတော် အကြတ်နေ့တွင် ရန်ကုန်မြို့၌ လမ်းလျှောက် သင်္ကြန်နှင့်အတူ မဏ္ဍပ်ကြီးများနှင့် လမ်းမကြီးများပေါ်၌ သင်္ကြန် ရေကစားသူများ၊ ရေပက်ခံထွက်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။
ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ရှိ ရန်ကုန်မြို့တော် ဗဟိုမဏ္ဍပ်တွင် နံနက်ပိုင်းမှ စတင်၍ နိုင်ငံကျော် အနုပညာရှင်များ၏ ဂီတဖျော်ဖြေမှုများနှင့်အတူ ယိမ်းအဖွဲ့များက ကပြဖျော်ဖြေကြရာ ရေကစားသူများ၊ ရေပက်ခံထွက်သူများဖြင့် စည်ကားလျက်ရှိသည်။
ရန်ကုန်မြို့တော် ဗဟိုမဏ္ဍပ်သို့လာရောက် လည်ပတ်သူ ဗဟန်းမြို့နယ်မှ ကိုအောင်ဝင်းက "မြို့တော် ဗဟိုမဏ္ဍပ်ရဲ့ယိမ်းအကဖျော်ဖြေမှုကိုလာကြည့်တာပါ။ နာမည်ကြီး အဆိုတော်တွေ၊ ရုပ်ရှင်မင်းသား၊ မင်းသမီးတွေလည်း ဖျော်ဖြေတဲ့အတွက် မိသားစုဝင်တွေနဲ့အတူ နှစ်တိုင်းလာရောက်ဖြစ်ပါတယ်။ မဏ္ဍပ် နားတဲ့အချိန်မှာတော့ မဟာဗန္ဓုလပန်းခြံထဲမှာပဲ အေးအေးဆေးဆေး အနားယူမယ်" ဟုပြောသည်။
ယခုနှစ် ရန်ကုန် သင်္ကြန်တွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ စီစဉ်မှုအရ မြို့နယ်များအလိုက် ဗဟိုမဏ္ဍပ်များနှင့် ပုဂ္ဂလိက ရေကစားမဏ္ဍပ်များကို သတ်မှတ်စည်းကမ်းချက်များ အတိုင်းခွင့်ပြုခဲ့သည့်အပြင် မြန်မာ့ရိုးရာ နန်းတွင်း ရှေးခေတ်သင်္ကြန်၊ ကျေးလက်သင်္ကြန်နှင့် ခေတ်ပေါ်သင်္ကြန် (ခေတ်သုံးခေတ်) တို့ကို ကိုယ်စားပြု သည့် လမ်းလျှောက်သင်္ကြန်များကိုလည်း မဟာဗန္ဓုလပန်းခြံ လမ်းတစ်လျှောက်နှင့် မြကျွန်းသာ ဥယျာဉ်၊ အင်းလျားကန်ဘောင်တို့ အပါအဝင် နေရာငါးနေရာ၌ ကျင်းပလျက်ရှိရာ သင်္ကြန်ရေကစားသူများ၊ ရေပက်ခံ ထွက်သူများဖြင့် စည်ကားလျက်ရှိသည်။
သင်္ကြန်လည်ပတ်မှုနှင့် ပတ်သက်၍ စမ်းချာင်းမြို့နယ်မှ ကိုမင်းသူက "ရန်ကုန် သင်္ကြန်က ဒီနှစ်မှာ ပိုစည်ကားလာတယ်လို့ထင်တယ်။ မဏ္ဍပ်တွေများလာသလို လမ်းလျှောက်သင်္ကြန်တွေလည်း မနှစ်ကထက် ပိုများလာတယ်။ လမ်းလျှောက် သင်္ကြန်လည်ရတာ ပျော်ဖို့ကောင်းတယ်။ အန္တရာယ်ကင်းသလိုလည်း ခံစားရတယ်။ မနက်ဖြန် သင်္ကြန် အတက်နေ့မှာတော့ သူငယ်ချင်းတွေနဲ့အတူ ကားနဲ့လည်မယ်လို့ စိတ်ကူးထားပါတယ်" ဟုဆိုသည်။
မြောက်ဥက္ကလာပ မြို့နယ်မှ ကိုဟိန်းထက်အောင်က "သူငယ်ချင်းတွေနဲ့ စုပေါင်းပြီး ကားနဲ့လည်ကြတာပါ။ မဏ္ဍပ်ကြီးတွေအများဆုံးရှိတဲ့ အင်းလျားဘက်ကတော့ ကားပိတ်လို့ အချိန်တော်တော်ပေးလိုက်ရတယ်။ သင်္ကြန် နောက်ဆုံးနေ့မှာတော့ ကားနဲ့မလည်တော့ဘူး။ မဟာဗန္ဓုလပန်းခြံနားက လမ်းလျှောက်သင်္ကြန်ကို သွားမယ်လို့စိတ်ကူးထားပါတယ်" ဟု သူ၏ သင်္ကြန်လည်ပတ်မှု အစီအစဉ်ကိုပြောသည်။
ယနေ့ ရန်ကုန်သင်္ကြန် အကြတ်နေ့တွင် မဏ္ဍပ်ကြီးများ အများဆုံးစုစည်း တည်ရှိရာ လှိုင်မြို့နယ် (အင်းလျားကန်းပေါင် အနီး) ပြည်လမ်းပေါ်ရှိ မဏ္ဍပ်ကြီးများ၊ မြို့တွင်းလမ်းမကြီးများတွင် တစ်ခု အပါအဝင်ဖြစ်သည့် အနော်ရထာလမ်းပေါ်ရှိ မဏ္ဍပ် ကြီးများလမ်းနှင့် မြို့နယ်များအလိုက် တည်ရှိသည့် မြို့နယ် ဗဟိုမဏ္ဍပ်များတွင် နာမည်ကျော် ရုပ်ရှင်၊ သဘင်နှင့် ဂီတ အနုပညာရှင်များနှင့်အတူ သင်္ကြန်ယိမ်း အဖွဲ့များက ကပြသီဆို ဖျော်ဖြေကြရာ နံနက်ပိုင်းမှ ညနေပိုင်းအထိ ရေကစားသူများနှင့် ရေပက်ခံထွက်သူများဖြင့် စည်း ကားခဲ့သည်။
မြို့နယ်များရှိ ရပ်ကွက် အလိုက်လမ်းများတွင်လည်း မိသားစု ရေကစားမဏ္ဍပ်များ၊ အုန်းလက် မဏ္ဍပ်များဖြင့် ပျော်ရွှင်စွာဖြင့် ရေကစားလျက်ရှိသည့် အပြင် စတုဒိသာ အလှူများကိုလည်း ကျွေမွေးလျက်ရှိသည်။
ထို့အတူ ရန်ကုန်မြို့ရှိ တန်ခိုးကြီး စေတီပုထိုးများနှင့် ဘုန်းတော်ကြီးကျောင်းများတွင် ဥပုသ် သီလ ဆောက်တည်သူများ၊ အလှူဒါနပြုသူများဖြင့်စည်ကားလျက်ရှိသည့် အပြင် တရားရိပ်သာများတွင်လည်း သင်္ကြန်ကာလ (ရက်တို) တရားစခန်းဝင်ရောက်သူများ ယခင်နှစ်များထက် ပိုမိုများပြားလာကြောင်း တရားရိပ်သာများမှသိရသည်။
သင်္ကြန်ကာလတွင် ရန်ကုန်တိုင်းဒေသကြီးတွင်း၌ ပြည်သူများ အန္တရာယ်ကင်းစွာဖြင့် ပျော်ရွှင်စွာ ရေကစားနိုင်စေရန်နှင့် မှုခင်းများလျော့နည်းစေရန် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ လုံခြုံရေးဆောင်ရွက်လျက်ရှိသကဲ့သို့ ယာဉ်ကြောပိတ်ဆို့မှုများနှင့် ယာဉ်အန္တရာယ်ဖြစ်ပွားမှုမရှိစေရန် သက်ဆိုင်ရာ တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ရန်ကုန်မြောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးလှဝေက "ဒီခရိုင်အတွင်းမှာ မဏ္ဍပ်အားလုံး ကိုးခုရှိတယ်။ မဏ္ဍပ်တွေမှာ ပြည်သူတွေအန္တရာယ်ကင်းနဲ့ ပျော်ရွှင်စွာ ကစားနိုင်ဖို့ လုံခြုံရေး ဆောင်ရွက်မှု တွေပြုလုပ် ပေးနေပါတယ်။ ဒါ့အပြင် လှည့်ကင်းအဖွဲ့ထားရှိပြီး ရေကစားတဲ့သူတွေ အချင်းချင်းခိုက်ရန် မဖြစ်ပွားအောင်နဲ့ သူတို့မှာပါရှိတဲ့ အန္တရာယ်ပြုနိုင်တဲ့ ပစ္စည်းတွေကိုလည်း အသိပညာပေးပြီး သိမ်းဆည်းတာမျိုးတွေ လုပ်ဆောင်နေပါတယ်" ဟု ပြောသည်။
သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဇော်မင်းလတ်၊ ရဲထွဋ်


