နေပြည်တော် ၁၅  ဧပြီ

 

မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် (အကြတ်နေ့)တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း၌ ရေပက်ခံကားများ၊ ရေပက်ခံထွက်ကြသူများ၊ စတုဒိသာ ကျွေးမွေး အလှူဒါနပြုကြသူများ၊ ဘုရားကျောင်းကန်များတွင် တရားဘာဝနာပွားများကြသူများနှင့် ကုသိုလ်ပြုသူများဖြင့် အထူးစည်ကားများပြားခဲ့သည်။

      

နေပြည်တော် မြို့တော်ဝန်မဟာသင်္ကြန် မဏ္ဍပ်တွင် ယနေ့နံနက်ပိုင်းမှ စတင်၍ တေးသံရှင်များက တေးသီချင်းများဖြင့် လည်းကောင်း၊ ယိမ်းအဖွဲ့များက ယိမ်းအကအလှများဖြင့် လည်းကောင်း ဖျော်ဖြေခဲ့ကြပြီး ရေပက်ခံကားများ၊ ရေကစားကြသူများဖြင့် စည်ကားခဲ့သည့်အပြင် လာရောက်ရေကစားကြသည့် သင်္ကြန်ချစ်သူ ပြည်သူများအား စတုဒိသာအကျွေးအမွေးများဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်။

 

1

      

အလားတူ ရခိုင်ရိုးရာရေကစားမဏ္ဍပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မဟာ သင်္ကြန်မဏ္ဍပ်နှင့်  နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ တပ်ကုန်း၊ လယ်ဝေး၊ ဇဗ္ဗူသီရိ၊ ဥတ္တရသီရိ၊ ဒက္ခိဏသီရိ၊ ဇေယျာသီရိနှင့် ပုဗ္ဗသီရိမြို့နယ်များရှိ ရေကစားမဏ္ဍပ်များ၊ မိသားစုမဏ္ဍပ်များနှင့် စတုဒီသာမဏ္ဍပ်များတွင် သင်္ကြန်ချစ်သူ ပြည်သူများက ပျော်ရွှင်စွာ ရေကစားခြင်း၊ စတုဒိသာအလှူဒါနပြုလုပ်ခြင်းများဖြင့် စည်ကားခဲ့သည်။

 

1

 

ယနေ့ သင်္ကြန်အကြတ်နေ့တွင် Sky Netရေကစားကဏ္ဍပ်၌ နိုင်ငံကျော် အနုပညာရှင်များနှင့် တေးသံရှင်များ ဖျော်ဖြေကြသကဲ့သို့ တိုင်းရင်းသားယဉ်ကျေးမှု အကအဖွဲ့များက ရိုးရာအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး ရေကစားကြသူများဖြင့် အထူးစည်ကားသည်။

 

1

       

ထို့အတူ နေပြည်တော်အတွင်းရှိ အထင်ကရနေရာများဖြစ်သည့် လှေခွင်းတောင် ကမ်းခြေအပန်းဖြေစခန်း၊ နေပြည်တော်အမျိုးသားအထိမ်းအမှတ်ဥယျာဉ်၊ ရေပန်းဥယျာဉ်၊ နေပြည်တော်ဆာဖာရီဥယျာဉ်တို့တွင်လည်း လာရောက်လည်ပတ် အနားယူ အပန်းဖြေကြသည့် မိသားစုများ၊ ပြည်သူများဖြင့် များပြားခဲ့သည်။

      

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဥပ္ပါတသန္တိစေတီတော်၊ ဓာတုဇယ ဓာတ်ပေါင်းစုစေတီတော်၊ ကိုးခမ်းကြီးဘုရား၊ ဆုတောင်းပြည့်လောကမာရဇိန်စေတီ တော်ကြီးစသည့် ဘုရားကျောင်းကန်များနှင့် တရားစခန်းများတွင် ကုသိုလ်ပြုကြသူ များ၊ တရားဘာဝနာပွားများကြသူများလည်း များပြားခဲ့သည်။

 

1

       

ထို့သို့ မဟာသင်္ကြန်ကာလအတွင်း ပြည်သူများ အေးချမ်းပျော်ရွှင်စွာဖြင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ရေကစားနိုင်ကြစေရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် တုတ်၊ ဓား၊ လက်နက်များ ကိုင်ဆောင်ခြင်းမရှိစေရန် စစ်ဆေးခြင်း၊ ယာဉ်ကြောပိတ်ဆို့မှု မရှိစေရေး အတွက် ယာဉ်ကြောရှင်းလင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အပန်းဖြေကမ်းခြေ စခန်းများတွင် လာရောက်အပန်းဖြေကြသူများ အသက်အန္တရာယ်ဆုံးရှုံးမှု မရှိစေရေးအတွက်  မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့ဝင်များက သတိပေးနှိုးဆော်ခြင်းများနှင့် လှည့်ကင်းများဖြင့် အနီးကပ်စောင့်ရှောက်မှု ပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

 

သတင်း - မျိုးရဲသူ

ဓာတ်ပုံ - လေးသန်းထိုက်ဖုန်

 

1