အင်းတော် ၁၆ ဧပြီ

 


စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၌ ဧပြီ ၁၅ ရက် မွန်းလွဲ ၂ နာရီက လေပြင်းများတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် နေအိမ်များပျက်စီးခဲ့ကြောင်း သိရသည်။

 


လေပြင်းတိုက်ခတ်မှုကြောင့် မော်လူးမြို့တွင် လူနေအိမ် (၅၉)လုံး၊ မဲဇာကျေးရွာအုပ်စု၊ မန်လည်ကျေးရွာအုပ်စု၊ နဘားကျေးရွာအုပ်စု၊ ဆည်ရွာကျေးရွာအုပ်စု၊ နတ်မဟုတ်ကျေးရွာအုပ်စု၊ အောင်ဇေယျရပ်ကွက်၊ သုက္ခာကျေးရွာအုပ်စု၊ ပင်ဝယ်ကျေးရွာအုပ်စု၊ လယ်ပြင်ကျေးရွာအုပ်စု၊ ကုန်းခါးအုပ်စု၊ ပုန်းဟုန်ကျေးရွာအုပ်စုနှင့် ခရမ်းစပ်ကုန်းကျေးရွာအုပ်စုတို့မှ လူနေအိမ်အချို့ နေအိမ်အမိုးများနှင့် အောင်မေတ္တာရပ်ကွက်တွင် (၄) ခန်းတွဲ လေးထပ် စုပေါင်းဝန်ထမ်းအိမ်ရာ သွပ်ပြားများ အမိုးလန်ခဲ့သည်။ 

 


အလားတူ မော်တိတ်ကျေးရွာအုပ်စုတွင် တုံးမဖွဲကျေးရွာ ဘုန်းတော်ကြီးကျောင်းမှ (၁၈၀)ဝပ်ဆိုလာ (၁)ချပ်နှင့် အလယ်ဆိပ်ကျေးရွာအုပ်စုတွင် အလယ်ဆိပ်-ပင်သချေ မဲဇာချောင်းကူးတံတား ဆောက်လုပ်ရန် ပစ္စည်းသိုလှောင်ထားသော ယာယီတဲမှ သွပ် အချပ် (၃၀)၊ ဘိလပ်မြေအိတ် အလုံး (၅၀)တို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

 


ကိုမင်း(အင်းတော်)