ဘားအံ ၁၆ ဧပြီ

 


ကရင်ပြည်နယ်၊ ဘားအံမြို့အဝင် ဘားအံ-ထုံးအိုင် ကားလမ်းမကြီးဘေးရှိ ဇွဲလင်းသာယာငြိမ်းအေး ကိုကလယ် စေတီတော်ပရဝဏ်အတွင်း ခေမာသီဝံသာ့သနာ့ရိပ်သာ (၁၀) ရက်တရားစခန်းတွင် သင်္ကြန်ကာလ၌ ဘားအံမြို့နှင့် ပတ်ဝန်းကျင်ဒေသများမှ လာရောက်၍ စခန်းရိပ်သာဝင်ရောက်ပြီး တရားအားထုတ်သူ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာကြောင်း သိရသည်။

 

dd

 

ကိုကလယ်စေတီတော် ခေမာသီဝံသာသနာ့ရိပ်သာတွင် သင်္ကြန်တွင်းကာလ တရားစခန်းဖွင့်လှစ်လာခဲ့သည်မှာ ၁၀ နှစ်ပြည့်မြောက်ခဲ့ပြီး ယခုနှစ်တွင် တရားရိပ်သာဝင်ရောက် တရားအားထုတ်သူ ၁၀ဝ ကျော်ခန့်ရှိကာ ယခင်နှစ်များထက် ယောဂီဦးရေ ပိုမိုများပြားလာသည်။

 


῝ဒီတရားစခန်း ရိပ်သာဖွင့်လာခဲ့တာ ယခုဆို(၁၀)နှစ်ရှိပြီဖြစ်တဲ့အတွက် တရားလာထိုင်တဲ့ ပုဂ္ဂိုလ်တွေကလည်း တစ်နှစ်ထက်တစ်နှစ် ပိုများလာတယ်၊ ဒုလ္လဘရှင်ပြု၊ ရဟန်းခံတဲ့ ပုဂ္ဂိုလ်များလည်း အပါး ၂၀ ကျော် ၃၀ လောက်ရှိတယ်၊ အမျိုးသားယောဂီ၊ အမျိုးသမီးယောဂီနဲ့ ဆရာလေး ယောဂီများလည်း ၉၀ ကျော်ခန့်ရှိတယ်၊ အားလုံးပေါင်းလိုက်ရင် ၁၀ဝ ကျော်ပါတယ်῍ ဟု ကိုကလယ်ဆရာတော် ဘန္တဒ္ဒခေမာစာရက မိန့်ကြားသည်။

 


ဆက်လက်၍ ဆရာတော်က ῝ဒီရိပ်သာကို တရားစခန်းဖွင့်မယ်ဆိုတော့ အခက်အခဲတစ်ချို့ရှိခဲ့တယ်၊ ဘာဖြစ်လို့လဲဆိုတော့ တကယ့်ရင်းချာတဲ့ပုဂ္ဂိုလ်၊ စောင့်ရှောက်မယ့်ပုဂ္ဂိုလ်က သိပ်မရှိသလောက်ဘဲ နည်းတယ်၊ လာပြီးတော့စည်းရုံးတိုင်ပင်တာ သိပ်မရှိဘူး၊ ဒါပေမယ့် ဘုန်းကြီးကိုယ်တိုင် ဦးစီးဦးဆောင်ပြီး ဆောင်ရွက်တဲ့အခါမှာ အဆင်ပြေသွားတာက များပါတယ်῍ ဟု ဆရာတော်က မိန့်ကြားသည်။

 

dd

 

ခေမာသီဝံသာသနာ့ရိပ်သာတွင် နံနက်ပိုင်း၊ နေ့လယ်ပိုင်း၊ ညနေပိုင်း၊ ညပိုင်းဟူ၍ အချိန်(၄)ချိန် ပိုင်းခြားသတ်မှတ်ပြီး တရားထိုင်ချိန်၊ သီလယူ၊ စင်္ကြန်လျှောက်ချိန်၊ အဟာရသုံးဆောင်ချိန်၊ ရေချိုးချိန်၊ အနားယူချိန်၊ တရားနာ မေတ္တာပို့ အမျှဝေချိန်ဟူ၍ တရားဘဝါနာပွားများကြပြီး လာရောက်တရားအားထုတ်သူ ကျောင်းဆရာအငြိမ်းစား ဦးဖိုးအောင်က “ဒီရိပ်သာမှာ နှစ်တိုင်းသင်္ကြန်တွင်း တရားစခန်းဝင်တာ (၁၀)ကြိမ်ရှိပါပြီ၊ တရားရိပ်သာဝင်တာက  အသက်အရွယ်ကြီးရင့်တဲ့ လူကြီးပိုင်းလည်း ပါတဲ့အခါကျတော့ ဆရာဝန်ဘဲဖြစ်ဖြစ်၊ သူနာပြုဘဲဖြစ်ဖြစ် သူတို့စေတနာအလျှောက် အချိန်ပိုင်းလေးဖြစ်ဖြစ် ကျန်းမာရေးစစ်ဆေးပေးတာတွေ လာလုပ်ပေးမယ်ဆိုရင် သင့်တော်မယ်ထင်တယ်” ဟု ပြောသည်။ 

 


စောမျိုးမင်းသိန်း(ပြန်/ဆက်)