အောင်လံ ၁၆ ဧပြီ

 


မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ဖြင့် ကင်ပွန်းခြုံကျေးရွာ ရွာတွင်းကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း အောင်လံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

 


အောင်လံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းရန်ပုံငွေကျပ်သိန်း ၁၀ဝ၊ ပြည်သူထည့်ဝင်ငွေကျပ် ၅၈ ဒသမ ၄ သိန်း စုစုပေါင်းငွေကျပ် ၁၅၈ ဒသမ ၄ သိန်းဖြင့် ကျေးရွာ ကွန်ကရစ်လမ်းခင်းခြင်း အရှည်ပေ ၁၁၀ဝ၊ အကျယ် ၁၂ ပေ ခြောက်လက်မထု ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အနီးကပ်ကြီးကြပ်ပြီး ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကြီးက ပြောပြသည်။

 

dd

 

အဆိုပါ ကျေးရွာတွင်းလမ်း ဆောင်ရွက်နိုင်မှုကြောင့် ကျေးရွာရှိ အိမ်ခြေ(၃၁၅)၊ လူဦးရေ(၁၁၇၁)ဦးတို့၏ ကျေးရွာတွင်း သွားလာရေးတွေ ကောင်းမွန်လာပြီး ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးလုပ်ငန်းတွေ ယခင်ကထက် အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်တော့မှာဖြစ်ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

 


အောင်လံမြို့နယ်  ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ဖြင့် ကျေးရွာတစ်ရွာလျှင် ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း(၁၀ဝ)၊ ပြည်သူထည့်ဝင်ငွေများဖြင့် ကျေးရွာ (၁၄)ရွာတွင် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းတစ်ခု၊ ကျေးရွာအဝင် ကျောက်ချောခင်းခြင်းလုပ်ငန်းတစ်ခု၊ ကျေးရွာအဝင်နှင့် ကျေးရွာအတွင်းလမ်းများ မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်း ခုနစ်ခု၊ ကျေးလက်ကုန်ထုတ်လမ်းခင်းခြင်း လုပ်ငန်းတစ်ခု၊ ကျေးရွာမီးလင်းရေးအတွက် ၄၀ဝ ဗို့ ဓါတ်အားလိုင်း သွယ်တန်းခြင်းလုပ်ငန်းလေးခု စုစုပေါင်းလုပ်ငန်း(၁၄)ခု အကောင်အထည်ဖော် ဆောင်ရွက်သွားလျက်ရှိကြောင်း သိရသည်။

 


သန်းလွင်(မကွေး)