ရန်ကုန် ၁၆  ဧပြီ

 

၁၃၈၀ ပြည့်နှစ် မဟာသင်္ကြန်ရေသဘင်ပွဲတော် (သင်္ကြန်အတက်နေ့) ယနေ့၌ ရန်ကုန်မြို့ အင်းလျားလမ်းရှိ မြန်မာ့ရိုးရာတိုင်းရင်းသားလမ်းလျှောက်အတာ သင်္ကြန်တွင် လာရောက်ရေကစားသူများဖြင့် ကြိတ်ကြိတ်တိုးစည်ကားလျက်ရှိသည်။

 

အင်းလျားလမ်းရှိ မြန်မာ့ရိုးရာတိုင်းရင်းသားလမ်းလျှောက်အတာသင်္ကြန်တွင် နံနက်ပိုင်းမှစတင်ကာ ညနေပိုင်းအထိ နာမည်ကျော်တေးသံရှင်များက လာရောက် သီဆိုဖျော်ဖြေတင်ဆက်ကြသည်။

 

mdn

 

အင်းလျားလမ်းရှိ မြန်မာ့ရိုးရာတိုင်းရင်းသား လမ်းလျှောက်အတာသင်္ကြန်တွင် လာရောက်ရေကစားသူများ အပူသက်သာရန် ရေပန်းများဖြင့် ပက်ဖျန်းပေးလျက်ရှိပြီး တိုင်းရင်းသားအသီးသီး၏ ရေကစားမဏ္ဍပ်များတွင် ရေလောင်းရေပက်ခံသူများဖြင့် စည်ကားလျက်ရှိသည်။

 

’’သုဝဏ္ဏကနေ မိသားစုနဲ့ အင်းလျားလမ်းမှာရှိတဲ့ လမ်းလျှောက်သင်္ကြန်ကို လာတာပါ။ တော်တော်ပျော်ဖို့ကောင်းတယ်။ ဒီနှစ်ရန်ကုန်သင်္ကြန်ကသောက်စား မူးယစ်တာလည်းသိပ်မတွေ့ရဘူး။ သရုပ်ပျက်ဝတ်စားဆင်ယဉ်မှုတွေလည်း မတွေ့ရဘူး။ ဒီနှစ်သင်္ကြန်ကတော့ အေးအေးချမ်းချမ်းပါပဲ ’’ ဟု ပုစွန်တောင်မှ ဦးဇော်မင်းကပြောသည်။

 

ထို့အတူ မဟာဗန္ဓုလပန်းခြံ လမ်းလမ်းလျှောက်သင်္ကြန်နှင့် မြကျွန်းသာ လမ်းလျှောက်သင်္ကြန်တို့တွင်လည်း လာရောက်ရေကစားသူများဖြင့် အထူးစည်ကားလျက်ရှိသည်။

 

သတင်း/ဓာတ်ပုံ-မင်းသစ်(MNA)