မင်းဘူး ၁၇ ဧပြီ
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု) မြို့နယ်အတွင်းရှိ မန်းရွှေစက်တော်ဘုရားခြေတော်ရာပိတ်ပွဲကို မြန်မာနှစ်ဆန်း(၁) ရက် ခရစ်နှစ် (၂၀၁၉) ခုနှစ်၊ ဧပြီ ၁၇ ရက် နံနက် ၉ နာရီက ကျင်းပခဲ့ရာ အောက်စက်တော်ရာ ပါဒစေတီတော်မြတ်ကြီးကို သြဝါဒဆရာတော်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ က ရွှေဆိုင်းများ ကပ်လှူပူဇော်ခဲ့ကြပြီး ခြေတော်ရာပိတ်ပွဲ ကျင်းပ ခဲ့ကြောင်း သိရသည်။
မန်းရွှေစက်တော် ဘုရားပွဲတော် ပိတ်ပွဲသို့ ကြွရောက်လာကြသော ဆရာတော် သံဃာတော် အရှင်သူမြတ်တို့နှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ပြီး ဥပါသကာများ က တံခွန်ကုက္ကား၊ မုလေးပွားတို့အား ဆရာတော် အရှင်သူမြတ်များထံ ဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်၍ အောက်စက်တော်ရာ ပါဒစေတီအား သံဃာတော်အရှင်သူမြတ်တို့ က အနေကဇာတင် ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။
ထို့နောက် သံဃာတော်အရှင်သူမြတ်တို့ က မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာအတိုင်း အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့ကြပြီး သံဃာတော်အရှင်သူမြတ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိ လူကြီးမင်းများက မန်းရွှေစက်တော်ဘုရား အောက်စက်တော်ရာ ပါဒစေတီတော်မြတ်ကြီးကို အလင်းပေါက် ဖန်အုပ်ဆောင်း အုပ်၍ ပိတ်ခဲ့ကြသည်။ ယင်းနောက် ဆရာတော် အရှင်သူမြတ်တို့နှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က ဗုဒ္ဓသာသနံ စိရံတိဌတု အဓိဌာန်ပြု(၃) ကြိမ် ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ မန်းရွှေစက်တော်ရာဘုရားပွဲတော်ကို နှစ်စဉ် တပို့တွဲ လဆန်း(၅) ရက်နေ့မှ မြန်မာနှစ်ဆန်း(၁) ရက်အထိ (၃) လကြာ ကျင်းပလျက်ရှိပြီး မန်းရွှေစက်တော်ဘုရားအနီးတွင် ဆင်အပန်းဖြေ စခန်းကို ဖွင့်လှစ်ထားရှိသဖြင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာ ပြည်သူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
ကျော်စိုးဝင်း(မင်းဘူး)၊ မျိုးမြတ်(မင်းဘူး)


