တွံတေး ၁၇ ဧပြီ

 


ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့၏ ကျက်သရေဆောင် ဆံတော်ခြောက်ဆူ ကိန်းဝပ်တော်မူသော ဆံကေသာဓာတု ရွှေဆံတော်စေတီတော်မြတ်ကြီး၏ အရှေ့ဘက်ရင်ပြင်ထက်၌ (၄၅၄)ကြိမ်မြောက် ရှမ်းရိုးရာဓလေ့နှစ်ဦး သဲပုံစေတီ တည်ထားပူဇော်ပွဲကို ဧပြီ ၁၇ ရက် (မြန်မာ့နှစ်ဆန်းတစ်ရက်)နေ့ နံနက် ၅ နာရီမှ စတင်ကျင်းပခဲ့သည်။

 


သဲပုံစေတီပူဇော်ပွဲအတွက် နံနက် ၅ နာရီမှစတင်၍ လုပ်အားဒါနပြုသူများ သဲများသယ်ဆောင်ပြီး ရှမ်းလေးရွာဖြစ်သည့်  ရှမ်းစုကြီး၊ ညောင်တံခါး၊ ငါးခုမ်းမစမ်း၊ မူးလမန်း ကျေးရွာများက ဦးဆောင်၍ နှစ်ဦးသဲပုံစေတီ တည်ထားပူဇော်ခဲ့ကြသည်။ ရှမ်းရိုးရာဓလေ့ နှစ်ဦးသဲပုံစေတီပူဇော်ပွဲကို အဆိုပါ ရှမ်းလေးရွာက ဦးဆောင်၍ နှစ်စဉ်ကျင်းပရာ ယခုနှစ်တွင် ရာဇမတ်ကို ညောင်တံခါးကျေးရွာ၊ စေတီဖိနပ်တော်ခွေငါးခွေကို ရှမ်းစုကြီးကျေးရွာ၊ ခေါင်းလောင်းပုံနှင့် ငှက်ပျောဖူးကို မူးလမန်းကျေးရွာ၊ ထီးတော်နှင့် စိန်ဖူးတော်ကို ငါးခုမ်းမစမ်းကျေးရွာတို့က ပြုလုပ်ကြပြီး စေတီတည်ထားကြောင်းနှင့် အစိတ်အပိုင်းများကို ကျေးရွာလေးရွာက အလှည့်ကျ သတ်မှတ်အတိုင်းအတာ အတိုင်းဆောင်ရွက်ကျရကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

 


ရှမ်းလေးရွာ၏ ရိုးရာမပျက် နှစ်ဦးသဲပုံစေတီတော် ပူဇော်ပွဲသည် (၄၅၄)ကြိမ်မြောက်ရှိလာပြီး ရိုးရာဓလေ့၊ ရှမ်းဘာသာစကား၊ ယဉ်ကျေးမှုများ မပပျောက်ရေးအတွက် ယနေ့လူငယ်များအား ရှမ်းဓမ္မာရုံသစ်တွင် ရှမ်းစာပေယဉ်ကျေးမှုအဖွဲ့(တွံတေး)က လက်ဆင့်ကမ်းအမွေအနှစ်များ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

 

မျိုးလှိုင်(တွံတေး) 

 

ddd