သထုံ ၁၇ ဧပြီ
နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်အမိန့်ဖြင့် အကျဉ်းထောင်/စခန်း အသီးသီးတွင် အကျဉ်းကျခံနေကြရသော နိုင်ငံသားအကျဉ်းသား/သူ (၉၅၃၅) ဦးအား ဧပြီ ၁၇ ရက်က လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့ရာ မွန်ပြည်နယ်၊ သထုံမြို့ရှိ သထုံအကျဉ်းထောင်မှ နိုင်ငံသားအကျဉ်းသား ၄၃ ဦး လွတ်ငြိမ်းခွင့် ရရှိခဲ့ကြောင်း သိရသည်။
“မည်သည့် ခံဝန်ချက်မျိုးမှ မထားဘဲ ခြွင်းချက်မရှိ လွှတ်ပေးတာပါ။ ကျွန်တော်တို့မှာ လွတ်ငြိမ်းသက်သာခွင့်က နှစ်မျိုးရှိတယ်။ တစ်ခုက စည်းကမ်းသတ်မှတ်ချက်ရှိတယ် လွှတ်ပေးလိုက်ရင် ကောင်းမွန်စွာနေထိုင်ပါမယ်၊ ပြစ်မှုပြန်ကျူးလွန်ခဲ့ရင် လက်ရှိကျခံရတဲ့ ပြစ်ဒဏ်တွေကိုပါ ပြန်ပြီးကျခံပါမယ်ဆိုတာမျိုး၊ နောက်တစ်ခုက အခုလွှတ်ပေးသလို ဘာအနှောင်အဖွဲ့မှ မထားဘဲ လွှတ်ပေးတာမျိုးပါ” ဟု သထုံအကျဉ်းထောင်၏ ထောင်မှူး ဦးနိုင်ဝင်းက ပြောသည်။
နိုင်ငံတော်သမ္မတရုံးမှ ဧပြီ ၁၇ ရက်တွင် အမိန့်အမှတ်၊ ၁၃/၂၀၁၉ ဖြင့် “မြန်မာနှစ်သစ်မင်္ဂလာ အခါသမယ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း အကျဉ်းထောင်/စခန်း အသီးသီးတွင် အကျဉ်းကျခံနေကြရသော နိုင်ငံသားအကျဉ်းသား/သူ (၉၅၃၅) ဦးအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)အရ စည်းကမ်းသတ်မှတ်ချက်မထားဘဲ လွတ်ငြိမ်းသက်သာခွင့် ပေးလိုက်သည်။ ကျန်အကျဉ်းသား/သူများထဲမှ လွှတ်သင့် လွှတ်ထိုက်သူများကိုလည်း စနစ်တကျစိစစ်လျက်ရှိပြီး လွတ်ငြိမ်းချမ်းသာခွင့် ဆက်လက်ပေးသွားမည် ဖြစ်ပါသည်"ဟု ထုတ်ပြန်ထားကြောင်း သိရသည်။
သက်ဦး(သထုံ)


