ရန်ကုန် ၁၇  ဧပြီ

 

မြန်မာသက္ကရာဇ် ၁၃၈၀ ခုနှစ် နှစ်ဟောင်းကုန်လွန်၍ ၁၃၈၁ ခုနှစ် မြန်မာနှစ်ဆန်း တစ်ရက်နေ့ အခါသမယတွင် ရန်ကုန်မြို့ရှိ တန်ခိုးကြီးဘုရားများ၌ ကုသိုလ်ကောင်းမှု ပြုသူများဖြင့် စည်ကားလျက်ရှိသည်။

 

1

 

ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ကကြီးမှူး၍ နံနက် ၅ နာရီတွင် ရွှေတိဂုံစေတီတော် အထက်ပစ္စယံ၌ စေတီတော်ကြီးအား သံဃာ ၁၀၈ ပါးတို့ဖြင့် ဗုဒ္ဓါဘိသေက အနေကဇာတင်နှင့် ၁၃၈၁ ခုနှစ် နှစ်သစ်မင်္ဂလာ အန္တရာယ်ကင်းပရိတ် ရွတ်ဖတ်ပူဇော်ခြင်း၊  နံနက် ၅ နာရီခွဲတွင် ရင်ပြင်တော် တောင်ဘက်ရှိ ရှေးဟောင်းဗုဒ္ဓ ရုပ်ပွားတော်များ တန်ဆောင်း၌ နိုင်ငံတော်သံဃမဟာ နာယက ဆရာတော်ကြီးများ၊ သြဝါဒါစရိယ ဆရာတော်ကြီးများနှင့် ပင့်သံဃာများအား အရုဏ်ဆွမ်း ဆက်ကပ်ခြင်း၊ နံနက် ၆ နာရီခွဲတွင် သြဝါဒါစရိယ ဆရာတော်ကြီးများထံမှ ပရိတ်တရားတော်များ နာကြားကြပြီး ရေစက်ချအမျှပေးဝေခြင်း အခမ်းအနားများ ကျင်းပကြသည်။

 

2

 

ထို့နောက် နံနက် ၈ နာရီတွင် ရွှေတိဂုံစေတီတော် ရင်ပြင်တော် တောင်ဘက် ရှေးဟောင်းဗုဒ္ဓ ရုပ်ပွားတော်များ တန်ဆောင်း၌ ၃၅ ကြိမ်မြောက် ဒါနဥပ ပါရမီစုပေါင်း သွေးလှူဒါန်းပွဲ ဖွင့်ပွဲအခမ်းအနားကိုကျင်းပရာ သွေးလှူဒါန်းပွဲ ကျင်းပရေး ဆပ်ကော်မတီဥက္ကဋ္ဌ ဂေါပကအဖွဲ့ဝင် ဦးအောင်မြတ်က သွေးလှူရှင်များအား ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားသည်။

 

ယင်းနောက် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အမျိုးသားသွေးဌာနမှ တာဝန်ခံ ဆရာဝန်ကြီး ပါမောက္ခဒေါက်တာ ဒေါ်သီတာအောင်က သွေးလှူဒါန်းခြင်းအကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားပြီး ပါမောက္ခဒေါက်တာ ဒေါ်သီတာအောင်၊   ဆရာဝန်များနှင့် သွေးလှူရှင်များအတွက် အာဟာရဒါန လှူဒါန်းသော အလှူရှင်များအား ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့က ဂုဏ်ပြုလွှာများ ပြန်လည်ပေးအပ် ချီးမြှင့်ကြသည်။

 

သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော် ဂေါပကအဖွဲ့ကကြီးမှူး၍ နံနက်  ၉ နာရီခွဲတွင် ဂေါပကရုံး  အာရုံခံတန်ဆောင်း အပေါ်ထပ်၌ နိုင်ငံတော်ပရိယတ္တိ သာသနာ့ တက္ကသိုလ် (ရန်ကုန်) မှ ကယားအဆောင်မှူး အဘိဓမ္မာ ပိဋကတ် မဟာဌာန ဆရာတော် ဘဒ္ဒန္တအဂ္ဂဝံသက သီလပေးတရား ချီးမြှင့်ပြီး မွန်းလွဲ ၁ နာရီတွင်  နှစ်သစ်မင်္ဂလာ အခါတော်နေ့ အခမ်းအနားကို ကျင်းပရာ စေတီတော်ဂေါပကအဖွဲ့ အလှည့်ကျ သဘာပတိ ဦးဝင်းသိန်းက နှစ်သစ်မင်္ဂလာ အခါတော်နေ့အကြောင်း၊ ဓမ္မပူဇာမင်္ဂလာ ထောမနာစကား ပြောကြား၍ မင်္ဂလသုတ်အမွှန်း ရွတ်ဆိုပူဇော်ခြင်း၊ မင်္ဂလသုတ် ပါဠိတော်ကို ဘာသာရေးဝတ်အသင်း အဖွဲ့များက စုပေါင်းရွတ်ဖတ် ပူဇော်ကြပြီး မေတ္တာပို့ အမျှပေးဝေကြသည်။

 

ဆူးလေစေတီတော် ဂေါပကအဖွဲ့ကကြီးမှူး၍ နံနက် ၇ နာရီတွင် စေတီတော် ရင်ပြင် ကျက်သရေ ခန်းမဆောင်၌ ဆရာတော်များက သီလပေးတရားများ ချီးမြှင့်ပြီး အလှူရှင်များက စတုဒိသာများဖြင့် ကျွေးမွေးလှူဒါန်းကြသည်။

 

ဝရဒါဌာဓာတုစေတိယ စွယ်တော်မြတ် စေတီတော် (ရန်ကုန်) ဂေါပကအဖွဲ့က ကြီးမှူး၍ နံနက် ၇ နာရီတွင် စေတီတော် လိုဏ်ဂူအတွင်း၌ ဂေါပကအဖွဲ့နှင့် ဧည့်ပရိသတ်များက စွယ်တော်မြတ်စေတီတော် ဂေါပကအဖွဲ့၏ သြဝါဒါစရိယ ဆရာတော် ကန်ဦးဇေတဝန် စာသင်တိုက်၏ ပဓာန နာယကဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တနန္ဒသာမီ ဘိဝံသထံမှ ရှစ်ပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်များက ပရိတ်တရားတော်များချီးမြှင့်ကာ ရေစက်သွန်းချ အမျှပေးဝေကြသည်။

 

ယင်းနောက် ၂၁ ကြိမ်မြောက် ဇီဝိတဒါန ငါးလွှတ်ပွဲများကို နှစ်ဦးဒါနအဖြစ် ကျင်းပကြသည်။

 

သမိုင်းဝင်အပရာဇိတ ဆံတော်ရှင် ကျိုက်ဝိုင်းစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့ ကကြီးမှူး၍ သင်္ကြန်အကြိုနေ့မှ နှစ်ဆန်းတစ်ရက်နေ့အထိ ဘုရားရင်ပြင်တော်ရှိ အောင်ဓမ္မာရုံ၌ ဆရာတော်များ ပင့်လျှောက်၍ သီလခံယူခြင်း၊ ယနေ့ နံနက်အရုဏ်တက်တွင် နှစ်သစ်ကူး ဆွမ်းဦးတင် ဆက်ကပ်လှူဒါန်းခြင်း၊ နံနက် ၁၀ နာရီတွင် ဖြူးကျောင်းတိုက် ဆရာတော်ထံမှ  ရှစ်ပါးသီလနှင့် ရေစက်ချ တရားများ ခံယူ ဆောက်တည်ကြခြင်း၊ စေတနာရှင် အလှူရှင်များက စတုဒိသာများဖြင့် ကျွေးမွေး လှူဒါန်းခြင်းများ ဆောင်ရွက်ကြသည်။

 

ယနေ့ နှစ်ဆန်းတစ်ရက်နေ့တွင် ဆရာတော် သံဃာတော်များက မော်တော်ယာဉ်များဖြင့် ရန်ကုန်တိုင်းဒေသကြီး မြို့နယ်များအတွင်းရှိ လမ်းမကြီးများ တစ်လျှောက်၌ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ခြင်း၊ ပရိတ်ရေများပက်ဖျန်းခြင်း၊ ရပ်ကွက်များတွင် လမ်းများအလိုက် ဆရာတော် သံဃာတော်များအား ပင့်ဖိတ်၍ နှစ်သစ်မင်္ဂလာ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ် သရဇ္ဈာယ်ခြင်းများ ပြုလုပ်ကြသည်ကို တွေ့ရသည်။

 

ထို့အပြင် ပုဂ္ဂလိက အငှားယာဉ်တချို့နှင့် ယာဉ်လိုင်းတချို့ကလည်း သံဃာတော်များ၊ သီလရှင်များနှင့် ဘုရားဖူးပြည်သူများထံမှ ယာဉ်စီးခမယူဘဲ ကုသိုလ်ဖြစ် အခမဲ့ လိုက်ပါပို့ဆောင်ကြသည်ကိုလည်း တွေ့ရသည်။

 

ယနေ့သည် မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဖြစ်သည့်အားလျော်စွာ ဘုရားကျောင်းကန်များ၌ ဥပုသ်သီတင်း ဆောက်တည်ခြင်း၊ ဇီဝိတဒါန ဘေးမဲ့လွှတ်ခြင်း၊ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ သက်ကြီး ဘိုးဘွားများအား ပူဇော်ကန်တော့ကြပြီး ခေါင်းလျှော်ပေးခြင်း၊ ခြေသည်း လက်သည်း ညှပ်ပေးခြင်း၊ စတုဒိသာ ကျွေးမွေးလှူဒါန်းခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူခြင်းစသည့် ကုသိုလ် ကောင်းမှုအလှူဒါန အစုစုတို့ ကျင်းပကြသည်ကို ရန်ကုန်တိုင်းဒေသကြီး သာမက မြန်မာပြည်အနှံ့ ကြည်နူးဖွယ်ရာ တွေ့မြင်ရသည်မှာ မြန်မာတို့၏ ဘိိုးဘွားများ လက်ထက်က စတင်ခဲ့သည့် ကောင်းမြတ်သော ရိုးရာယဉ်ကျေးမှုအစဉ်အလာ လက်ဆင့်ကမ်း အမွေအနှစ် ပုံရိပ်ကောင်းများပင် ဖြစ်ပေသည်။

 

သတင်း - ရီရီမြင့်

ဓာတ်ပုံ - လှမိုး