နေပြည်တော် ၁၇ ဧပြီ
၁၃၈၁ ခုနှစ် မြန်မာနှစ်ဆန်း ၁ ရက်နေ့ အန္တရာယ်ကင်း ပရိတ်တရားတော်နာ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ( C ) ဆောင်၌ ကျင်းပသည်။
အခမ်းအနားသို့ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် ရာဇဓာနီသာမဏေကျော် ကျောင်းတိုက် ပဓာန နာယက ဆရာတော်အရှင်တေဇောဘာသ အမှူးပြုသော သံဃာတော် အရှင်မြတ်တို့ကြွ ရောက်ကြသည်။
ရှေးဦးစွာ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် ရာဇဓာနီသာမဏေကျော် ကျောင်းတိုက် ပဓာနနာယကဆရာတော် အရှင်တေဇောဘာသထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ထို့နောက် သံဃာတော်အရှင်မြတ်များက အန္တရာယ်ကင်း ပရိတ်တရားတော်များနှင့် အနန္တရာယိက ကမ္မဝါစာများကို ရွတ်ဖတ် သရဇ္ဈာယ်တော်မူကြသည်။
ယင်းနောက် ဆရာတော်သံဃာတော်အရှင်မြတ်များထံ လှူဖွယ်ဝတ္ထုများ ဆက်ကပ် လှူဒါန်းပြီးနောက် လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။
အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့်အတူ ပြည်သူ့ လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းအောင်(ခ) ဦးထွန်းထွန်းဟိန်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ ဝန်ထမ်းမိသားစုများ တက်ရောက်ကြသည်။
(သတင်းစဉ်)


