မန္တလေး ၁၇ မတ်
မြန်မာသက္က္ကရာဇ် ၁၃၈၀ ခုနှစ်မှ ၁၃၈၁ ခုနှစ် နှစ်သစ်ကူးပြောင်းသော မြန်မာနှစ်ဆန်း တစ်ရက်နေ့တွင် မန္တလေးမြို့ပေါ်၌ နံနက်အရုဏ်တက်ချိန်မှစ၍ တန်ခိုးကြီးဘုရား ပုထိုး စေတီတော်များ၌လည်းကောင်း၊ မြို့နယ်ရပ်ကွက်များ ဌာနဆိုင်ရာ ရုံးများတွင်လည်းကောင်း၊ သံဃာတော်များအား ဆွမ်းဆက်ကပ် လှူဒါန်းပွဲများ ကျင်းပခြင်း၊ အသက်ဂုဏ်ဝါကြီးမြင့်သည့် ဘိုးဘွားများအား တစ်ကိုယ်ရေသန့်ရှင်းမှု ပြုလုပ်ပေးခြင်း၊ ဘုရားပုထိုးစေတီ ကျောင်းကန် ဓမ္မာရုံများသို့ သွားရောက်၍ ဗုဒ္ဓရုပ်ပွားတော်များအား ရေသပ္ပါယ်ခြင်း၊ ရဟန်းရှင်လူ ပြည်သူများအား စတုဒီသာ အာဟာရပြုခြင်း၊ တိရစ္ဆာန်များအား ဘေးမဲ့လွှတ်ကာ ဇီဝိတဒါန သတ်လွှတ်ပွဲများ ကျင်းပခြင်း၊ သွေးလှူဒါန်းခြင်း စသည့် ကောင်းမှုအစုစုတို့ကို ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာမပျက် ထိန်းသိမ်းစောင့်ရှောက်လျက် ကုသိုလ်ဘာဝနာ ပွားများကြသူများဖြင့် ကြတ်ကြိတ်တိုး စည်ကားလျက်ရှိသည်။
ထိုကဲ့သို့ ကုသိုလ်ပွားများရာ၌ ယနေ့ နံနက် ၄ နာရီ တွင် မန္တလေးမြို့ မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်အား သဲကုန်းကျောင်း တောင်ပြင်ထီးလင်းတိုက် ရေတော်ဆရာတော် ဘန္ဒန္တ ဥက္ကဌ အရှင်သူမြတ် အမှူးပြု၍ မျက်နှာသစ်တော် ဝတ်အဖွဲ့က မျက်နှာသစ်တော်မူပြီး ရွှေသင်္ကန်းကပ်လှူကာ ဆွမ်း၊ ပန်း၊ ရေချမ်း ဆက်ကပ်ပူဇော်ကြသည်။ ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူ ပြည်သူများကလည်း မဟာမုနိ ရုပ်ရှင်တော်မြတ်အား ရွှေသင်္ကန်းကပ်လှူခြင်း ပန်း၊ ဆီမီး ပူဇော်ခြင်း ခုနစ်နေ့နံ ဘုရားများတွင် ရေသပ္ပါယ်ခြင်း၊ ငါးကန်တွင် ဇီဝိတဒါန ငါးလွှတ်ခြင်း၊ အစာကျွေးခြင်း စသည့်ကုသိုလ်ကောင်းမှုများ ပြုလုပ်ကြရာ မဟာမုနိ ဘုရားကြီးတွင် မန္တလေးမြို့နှင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာ ပြည်သူများဖြင့် အထူးစည်ကားလျက်ရှိပြီး အရှေ့ပြင်လုံးဆိုင်ရာ အောင်တော်မူမြတ်စွာဘုရား၊ ရွှေကျီးမြင်ဘုရား၊ ဆုတောင်းပြည့်၊ ဆုတောင်းရဘုရား၊ မန္တလေးတောင်၊ ကုသိုလ်တော် စန္ဒာမုနိဘုရား ကျောက်တော်ကြီးဘုရား၊ ဘုရားနီဘုရား စွယ်တော်မြတ်စေတီနှင့် ဝေရောစန ကျောက်စိမ်းစေတီတော် စသည့် တန်ခိုးကြီးဘုရားတို့တွင် ဘုရားဖူးလာ ပြည်သူများဖြင့် စည်ကားလျက်ရှိရာ စေတနာရှင် အလှူရှင်များမှလည်း စတုဒီသာ အအေး၊ ရွှေရင်အေး၊ ကြာဇံဟင်းတို့ဖြင့် လှူဒါန်းကျွေးမွေးကြသည်။
နှစ်ဆန်းတစ်ရက်နေ့ နံနက်ပိုင်းမှစ၍ မွန်းလွဲပိုင်းအထိ မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီး အမျိုးသားသွေးလှူဘဏ်၌ အနယ်နယ်အရပ်ရပ်မှ လူမှုရေး အဖွဲ ့အစည်းများ၊ သွေးလှူ အသင်းများမှ သွေးလှူရှင်များက သွေးများလာရောက် လှူဒါန်းကြသည်။
ယနေ့ နံနက် ၇ နာရီ ခွဲတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးဆောင်၍ မန္တလေးတိုင်းဒေသကြီး ဇီဝိတဒါန ငါးလွှတ်ပွဲနှင့် သက်ကြီးပူဇော်ပွဲ အခမ်းအနားများကို ကျင်းပပြုလုပ်ရာ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်နှင့် ဇနီးနှင့် တိုင်းဒေသကြီး အစိုးရအဖွဲဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ စည်ပင်သာယာရေး ကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြပြီး ဧရာဝတီမြစ်အတွင်း ငါးမြစ်ချင်း ငါးသားပေါက် ကောင်ရေ (၂) သောင်းကို မြစ်ရေပြင်တွင်းသို့ စုပေါင်း ဘေးမဲ့လွှတ်ပေးကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့တော်ခန်းမ၌ မန္တလေး ခရိုင်အတွင်းရှိ မြို့နယ် ၇ မြို့နယ်မှ အသက် ၉၀ နှစ်နှင့် အထက် အဘိုး ၊ အဘွား စုစုပေါင်း ၃၂၁ ဦးတို့အား သက်ကြီးပူဇော်ပွဲကျင်းပရာ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပူဇော်ပွဲကျင်းပရခြင်းနှင့် နှစ်သစ်ကူးနှုတ်ခွန်းဆက် မင်္ဂလာစကား ပြောကြားပြီး အဘိုးအဘွားများအား ကန်တော့ချိုးဖြင့် ရှိခိုးကန်တော့ကြပြီး တစ်ဦးလျှင် အလှူငွေ ကျပ် ၃၂၀ဝ၀ ကျော်နှင့် ဂါရဝပြု လှူဖွယ်ပစ္စည်းများ တစ်ဦးချင်း ပေးအပ်လှူဒါန်း ပူဇော်ကန်တော့ကြရာ ကန်တော့ခံများ ကိုယ်စားအဘိုးတစ်ဦးက ဆုတောင်းမေတ္တာစကား ပြောကြားသည်။
မွန်းလွဲပိုင်းတွင် မန္တလေးမြို့ စည်ပင်သာယာရေး ကော်မတီ မိသားစုများ၏ မြန်မာနှစ်ဆန်း တစ်ရက် အန္တရာယ်ကင်း ပရိတ်တရားတော် နာယူပွဲကို မြို့တော်ခန်းမ၌ ကျင်းပရာ နိုင်ငံတော် ပရိယတ္တိ သာသနာ့ တက္ကသိုလ်မှ ဗုဒ္ဓ ဒေသနာ ပြန့်ပွားရေး ပညာဌာန ပါမောက္ခ ဌာနမှူး ဆရာတော် ဘန္ဒ န္တ ပဒုမသာရ အရှင်သူမြတ် အမှူးပြုသော ဆရာတော် သံဃာတော်များ ကြွရောက်တော်မူကြပြီး မန္တလေး မြို့တော်ဝန် ဒေါက်တာရဲလွင်နှင့် ဧည့်ပရိသတ်တို့က ဆရာတော် ကြီးထံမှ ငါးပါးသီလ ခံယူဆောက်တည်၍ ဆရာတော် သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသော အန္တရာယ်ကင်း ပရိတ်တရားတော်များကို နာယူကြကာ လှူဖွယ်ဝတ္ထုပစ္စည်းတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် မြို့တော်ဝန် နှင့် အဖွဲ့ဝင်များသည် ရုံး ရှေ့ ကျုံးရေပြင်အတွင်း၌ ရွှေဝါငါးကြင်း ငါးမြစ်ချင်း ငါးသားပေါက် ကောင်ရေ (၁) သောင်းတို့ကို ဇီဝိတဒါန ဘေးမဲ့လွှတ်ပေးကြပြီး ငှက်လွှတ်ခြင်းများ ဆောင်ရွက်ကြသည်။ ထိုမှတစ်ဆင့် မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် အန္တရာယ်ကင်း ပရိတ်ရေများကို မန္တလေးမြို့တော်သူ မြို့တော်သားများ အန္တရာယ်ကင်းဝေးစေရေးအတွက် မန္တလေးမြို့ ၃၄ လမ်းရှိ ရေတွင်းစက်ရုံ အမှတ် (၁) မလွန်ရေလှောင်ကန် အတွင်းသို့ သွန်းလောင်းပေးသည်။
ညနေပိုင်းတွင် မန္တလေးမြို့တော် ကျုံးလေးမျက်နှာတွင် သံဃာတော် အရှင်သူမြတ် ၁၀ ပါးစီဖြင့် အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ကြရာ မန္တလေးမြို့တော်သူ မြို့တော်သားများက ပရိတ်ရေ ပရိတ်အိုးတို့ ဆက်ကပ်ကာ တရားနာယူကြသည်။ ထို့ပြင် ကိုယ်ပွားသတင်း စာတိုက် (မန္တလေး) တွင်လည်း အရာထမ်း အမှုထမ်း မိသားစုများက တိုက်တော်ကျောင်းတိုက် နာယက ဆရာတော် အမှူးပြုသော သံဃာတော်များအား ပင့်ဖိတ်၍ အန္တရာယ်ကင်း ပရိတ်တရားတော်များကို နာယူကြည်ညိုခဲ့ကြသည်။
မန္တလေးမြို့တော်ရှိ ရပ်ကွက်၊ လမ်းများ၌ သံဃာတော်များအား ပင့်ဖိတ်၍ အန္တ္တရာယ်ကင်း ပရိတ်တရားတော်နှင့် ကမ္မဝါစာများ နာကြားကြကာ နှစ်သစ်တွင် မကောင်းမှုကင်းစင်၍ ကောင်းမှု မင်္ဂလာများ တိုးပွားစေရန် ကုသိုလ်ပွားများကြရာ မြန်မာနှစ်ဆန်း တစ်ရက် နှစ်သစ် မင်္ဂလာ အခါသမယနေ့တွင် မန္တလေးမြို့တော် တစ်ခွင်လုံး၌ ကုသိုလ်ကောင်းမှု ပြုသူများဖြင့် စည်ကားလျက်ရှိသည်။
တင်မောင်(မန်းကိုယ်ပွား)


