မန္တလေး ၁၇  ဧပြီ

 

မြန်မာ့နှစ်သစ်ကူးမင်္ဂလာ အထိမ်းအမှတ်အဖြစ် မန္တလေးဗဟိုအကျဉ်းထောင်မှ အကျဉ်းသား အကျဉ်းသူ ၄၃၇ ဦးအား ယနေ့တွင် ပြစ်ဒဏ် လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွှတ်ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွှတ်ပေးသူ ၄၃၇ ဦးအနက် အကျဉ်းသူ ၃၉ ဦးနှင့် နိုင်ငံခြားသား ၃ ဦးတို့ ပါဝင်ပြီး မူးယစ်ဆေးဝါးမှုဖြင့် အကျဉ်းကျခံနေရသူ အများဆုံးဖြစ်ကြောင်း မန္တလေးဗဟိုအကျဉ်းထောင် တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးချိုဝင်းထွန်းက ပြောသည်။

 

“ဒီနေ့မှာ နိုင်ငံတော်သမ္မတကြီးရဲ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ ကျွန်တော်တို့ အကျဉ်းထောင်က ၄၃၇ ဦး လွှတ်ပေးခဲ့ပါတယ်။ သူတို့ကို စားစရိတ်တစ်ထောင်နဲ့ ပြန်ရမယ့် ခရီးအကွာအဝေးအလိုက် ခရီးစရိတ်တွေလည်း ထုတ်ပေးထားပါတယ်။ လွှတ်ပေးတဲ့သူတွေက အမှုပေါင်းစုံ ပါဝင်ပေမယ့် မူးယစ်ဆေးဝါးမှုနဲ့ အကျဉ်းကျခံ နေသူက ၅၀ ရာခိုင်နှုန်း ပါဝင်ပါတယ်။ ကျွန်တော်တို့ ထောင်ကနေဒီနေ့ လွှတ်ပေးခဲ့တဲ့ သူတွေက ပြည်သူတွေစိုးရိမ်သလို လူဆိုးလူမိုက်တွေ မဟုတ်ပါဘူး။ ထောင်ထဲမှာ သူတို့ကို စိတ်ဓာတ်ရေးရာတွေ ပြုပြင်ပေးခဲ့ပါတယ်။ လက်မှုပညာတွေ သင်ကြားပေး တဲ့အပြင် အဓိကအားဖြင့် အကျင့်စာရိတ္တတွေ ပြောင်းလဲအောင် စနစ်တကျ သင်ကြားပေးထားတဲ့အတွက် လူ့ပတ်ဝန်းကျင်မှာ မိသားစုနဲ့ နိုင်ငံ့အကျိုးကို ပြည်သူတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်မယ့် လူတွေဖြစ်ပါတယ်ဟု”  ၄င်းကဆက် ပြောသည်။

 

အဆိုပါ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ  မန္တလေးဗဟို အကျဉ်းထောင်၊ မိတ္ထီလာ ၊ မြင်းခြံ၊ ရမည်းသင်း၊ ညောင်ဦးနှင့် နေပြည်တော် အကျဉ်းထောင်တို့မှ အကျဉ်းကျခံ အကျဉ်းသား ၆၄၆ ဦးနှင့် အကျဉ်းသူ ၅၂ ဦး စုစုပေါင်း ၆၉၈ ဦးကို ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။

 

ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်ဖြင့် ယနေ့လွှတ်မြောက်လာသည့် ကျောက်ဆည်ခရိုင် ကူမဲမြို့နယ်တွင် နေထိုင်သည့် မနဒီမောင်က “ မူးယစ်ဆေးဝါးမှုနဲ့ ငါးနှစ်ပြစ်ဒဏ် ကျခံရပေမယ့် ထောင်ထဲမှာ သုံးလပဲနေရပြီး လွတ်ငြိမ်းသက်သာခွင့်နဲ့ ဒီနေ့လွတ်လာတဲ့အတွက် အလွန်ပျော်နေပါတယ်၊ မမျှော်လင့်ဘဲ အခုလို လွတ်လာတဲ့အတွက် ကျွန်မသမီးလေးရဲ့ ကုသိုလ်ကံပါပဲ။ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးတဲ့ နိုင်ငံတော် သမ္မတကြီးကို ကျေးဇူးအထူးတင်ပါတယ်ဟု ’’ ပြောသည်။

 

မင်းထက်အောင် (မန်းကိုယ်ပွား)