မြဝတီ ၁၇ ဧပြီ
ကရင်ပြည်နယ် မြဝတီမြို့၌ ရောက်ရှိနေသော အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့် ဇနီး နန့်ကြင်ကြည်တို့သည် ယနေ့ နံနက်ပိုင်းတွင် မြဝတီမြို့၌ ကျင်းပသော ဇီဝိတဒါန ငါးလွှတ်ပွဲနှင့် သက်ကြီးပူဇော်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။
ရှေးဦးစွာ အမျိုသားလွှတ်တော်ဥက္ကဋ္ဌနှင့် ဇနီးတို့သည် တာဝန်ရှိသူများနှင့်အတူ မြဝတီမြို့ အမှတ် (၁) ရပ်ကွက် အမှတ် (၁) ချစ်ကြည်ရေးတံတားအောက်၌ ကျင်းပသည့် ဇီဝိတဒါန ငါးလွှတ်ပွဲသို့ ရောက်ရှိကြပြီး ငါးမြစ်ချင်းကောင်ရေ တစ်သောင်း၊ တီလားဗီးယား ရှစ်ထောင်နှင့် ငါးခုံးမနှစ်ထောင် စုစုပေါင်း ငါးကောင်ရေ နှစ်သောင်းကို မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်စပ် သောင်ရင်းမြစ်အတွင်းသို့ ဘေးမဲ့လွှတ်ပေးကြသည်။
ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့်ဇနီးတို့သည် မြဝတီမြို့အမှတ် (၄) ရပ်ကွက်၊ ရွှေမြင်းဝန် စေတီတော်မြတ်ကြီး၏ သာသနာ့ ဟိတကာရီ ဗိမာန်တော်၌ ကျင်းပသော သက်ကြီးပူဇော်ပွဲ အခမ်းအနားသို့ တက်ရောက်ကာ သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေနှင့် အသုံးအဆောင် ပစ္စည်းများ ကူညီထောက်ပံ့ပြီး အားပေးစကား ပြောကြားသည်။
အဆိုပါ သက်ကြီးပူဇော်ပွဲ အခမ်းအနားသို့ အသက် (၈၅) နှစ်အထက် အဘိုး ၂၂ ဦး / အဘွား ၅၃ ဦး စုစုပေါင်း ၇၅ ဦး တက်ရောက်ကြပြီး ထောက်ပံ့ငွေ အသုံးအဆောင် ပစ္စည်းများနှင့် ဆေးဝါးများ ကူညီထောက်ပံ့ပေးခဲ့သည်။
အခမ်းအနားသို့ လူကိုယ်တိုင် တက်ရောက်ခြင်း မရှိသော အဘိုး/ အဘွားများအား အိမ်တိုင်ရာရောက် ကူညီထောက်ပံ့မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အခမ်းအနားများသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဗိုလ်၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်နှင့် ဦးအိုက်ကျန်ခမ်း၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်း- မောင်စိန်လွင်


