ရန်ကုန် ၁၇ ဧပြီ
လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီး ချမ်းသာကြီးတန်ဆောင်း၌ အပူဇော်ခံ ကိန်းဝပ်တော်မူသော ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ထာဝရငြိမ်းချမ်းရေး စေတီတော်တွင် တင်လှူပူဇော်မည့် ရတနာငှက်မြတ်နားတော်၊ ရတနာစိန်ဖူးတော်တို့အား ရွှေတိဂုံစေတီတော် အထက်ပစ္စယံ ပတ္တမြားမျက်ရှင်ရုပ်ပွားတော် အာရုံခံသို့ ပင့်ဆောင်ပူဇော်ခြင်း မင်္ဂလာ အခမ်းအနားကို ယနေ့ည ၇ နာရီက ရွှေတိဂုံစေတီတော် ချမ်းသာကြီးတန်ဆောင်း၌ ကျင်းပသည်။
အခမ်းအနားတွင် ရတနာငှက်မြတ်နားတော် ရတနာစိန်ဖူးတော်များအား ရွှေတိဂုံ စေတီတော် အထက်ပစ္စယံ ပတ္တမြားမျက်ရှင် ရုပ်ပွားတော် ကိန်းဝပ်တော်မူရာ အာရုံခံသို့ ကြွရောက်တော်မူပါရန် အဘိယာစနဂါထာတော်ဖြင့် ပင့်ဆောင်သည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး သံဃနာယကဥက္ကဋ္ဌနှင့် ဆရာတော် သံဃာတော်များထံ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရတနာငှက်မြတ်နားတော်၊ ရတနာ စိန်ဖူးတော်များအား လွှဲပြောင်းပေးအပ်သည်။ ထို့နောက် ရတနာငှက်မြတ်နားတော်၊ ရတနာ စိန်ဖူးတော်များအား ရွှေတိဂုံစေတီတော် ရင်ပြင်၌ လက်ယာရစ် လှည့်လည်အပူဇော်ခံပြီး ရွှေတိဂုံ စေတီတော် အထက်ပစ္စယံ ပတ္တမြားမျက်ရှင် ရုပ်ပွားတော် ကိန်းဝပ်တော်မူရာ အာရုံခံ၌ ကိန်းဝပ် စံပယ်တော်မူသည်။
(ဟန်လင်းနိုင်)


