ပန်ဆန်း ၁၇ ဧပြီ

 

“ဝ” အထူးဒေသ (၂) ၏ ငြိမ်းချမ်းရေး တည်ဆောက်မှု နှစ် (၃၀) ပြည့် အခမ်းအနားသို့ တက်ရောက်ရန်အတွက် ပန်ဆန်းမြို့၌ ရောက်ရှိနေသည့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်၊  ရှမ်းပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဋ္ဌေးနှင့်  ငြိမ်းချမ်းရေး ကော်မရှင်အကြံပေး ဦးမိုးဇော်ဦးတို့ ပါဝင်သည့် အဖွဲ့ သည် “ဝ” အထူးဒေသ (၂) ၏ ဗဟိုရုံးအုပ် ဦးအောင်မြင့် လိုက်ပါလျက် ဧပြီ ၁၆ ရက် ညနေပိုင်းတွင် ပန်းဆန်းမြို့ရှိ အာဇာနည်ကျောက်တိုင်၊ ငြိမ်းချမ်းရေး အထိမ်းအမှတ် ဥယျာဉ်ရှိ ငြိမ်းချမ်းရေး ကျောက်တိုင်၊ မုန်ခန်းမြို့နှင့် ပန်ဆန်းကြားရှိ မုန်ခန်းတံတား နှင့် ဗမာပြည် ကွန်မြူနစ်ပါတီ ဋ္ဌာနချုပ် ဗဟိုစခန်းဟောင်းရှိရာ နေရာတို့ကို သွားရောက်ကြည့်ရှု လေ့လာကြသည်။

 

ညပိုင်းတွင် “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ ဥက္ကဋ္ဌ ဦးပေါက်ယူချန်းနှင့် အဖွဲ့က  တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့  ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေနှင့် အဖွဲ့ တက်ရောက်ကြသည်။

 

“ဝ” အထူးဒေသ (၂) ၏ ငြိမ်းချမ်းရေးတည်ဆောက်မှု နှစ် (၃၀) ပြည့် အခမ်းအနား အထိမ်းအမှတ် ညစာစားပွဲသို့ တက်ရောက်လာသည့် အစိုးရကိုယ်စားလှယ်များ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များအား “ဝ”တိုင်းရင်းသားရိုးရာ တေးသီချင်းများ၊ အက၊ အလှ သရုပ်ဖော် တင်ဆက်မှုများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

 

(သတင်းစဉ်)